ပါရီ၊ ဩဂုတ် ၃၀

COVID-19 ကြောင့် ဆေးရုံတက်ပြီး တစ်နှစ်ကြာသည့်တိုင် ပင်ပန်းနွမ်းနယ်ခြင်းနှင့် အသက်ရှူကြပ်ခြင်းတို့က ကိုဗစ်လူနာဟောင်းများကို ဒုက္ခပေးနေဆဲဖြစ်ကြောင်း ကပ်ရောဂါနှင့်ပတ်သက်၍ ရေရှည်ကျန်းမာရေး သက်ရောက်မှုများကို တရုတ်ပြည်တွင်း၌ ကောက်ယူခဲ့သော သုတေသနစစ်တမ်းတစ်ခုက သတိပေးလိုက်သည်ဟု ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။

ကိုဗစ်လူနာများအနက် ဆေးရုံမှဆင်းပြီးသူများ၏ထက်ဝက်ခန့်မှာ အနည်းဆုံး ၁၂ လခန့်ကြာသည့်တိုင် မောပန်းခြင်း(သို့မဟုတ်)ကြွက်သားအားနည်းခြင်းတို့ကို ခံစားနေရဆဲဖြစ်ကြောင်း ဗြိတိန်နိုင်ငံထုတ် The Lancet ဆေးပညာဂျာနယ်က ဩဂုတ်လကုန်ပိုင်းတွင် ဆောင်းပါးတစ်ပုဒ် တင်ပြခဲ့သည်။

ရေရှည်ဖြစ်ပွားနေသော ကိုဗစ်(long Covid)ဟု သတ်မှတ်ထားသည့် သုတေသနလုပ်ငန်းတစ်ခု၌ လူနာ ၃ ဦးလျှင် ၁ ဦးမှာ ရောဂါလက္ခဏာစတင်ပြသပြီးနောက် တစ်နှစ်ကြာသည့်ကာလရောက်သည့်တိုင်အောင် အသက်ရှူကြပ် သည့် ဝေဒနာဖိစီးနေသေးကြောင်း တွေ့ရှိရသည်။ ထိုသို့ဝေဒနာမှာ ကိုဗစ်ပိုမိုပြင်းထန်စွာ ထိခိုက်ခံရသော လူနာများတွင် ပိုမိုတွေ့ရှိရခြင်းဖြစ်သည်။

အထောက်အထားခိုင်လုံသည့် ကုသချက်များ(သို့မဟုတ်)နာလန်ပြန်ထူရေးလမ်းညွှန်ချက်များ တိတိကျကျမရှိ၍ ရေရှည် ကိုဗစ်ခံစားရသူများမှာ ၎င်းတို့ပုံမှန်ဘဝ ပြန်လည်စတင်နိုင်မှုနှင့် အလုပ်လုပ်နိုင်စွမ်းတို့ကိုပါ ထိခိုက် စေကြောင်း The Lancet ဆေးပညာဂျာနယ်က ဆန်းစစ်ဖော်ပြသည်။

အဆိုပါသုတေသနလုပ်ငန်းအရ ကိုဗစ်လူနာအများအပြားသည် ပြန်လည်ကောင်းမွန်နိုင်ဖို့ တစ်နှစ်ကျော် ကြာမြင့် လိမ့်မည်ဟု သိရသည်။

ယင်းသုတေသနလုပ်ငန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မေလအတွင်း တရုတ်နိုင်ငံအလယ်ပိုင်း၊ ဝူဟန်မြို့၌ ကိုဗစ်ကြောင့် ဆေးရုံတင်လူနာ ၁၃၀၀ နီးပါးကို စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတဝန်းတွင် Covid-19 သည် လူဦးရေ ၂၁၄ သန်းသို့ ကူးစက်ခဲ့ပြီး ၄ သန်းကျော် သေဆုံးခဲ့သည်။

ရောဂါလက္ခဏာ အနည်းဆုံးတစ်မျိုးတည်းခံစားရသူ လူနာဦးရေ ရာခိုင်နှုန်းမှာလည်း ၆ လခန့်အကြာတွင် ၆၈ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၁၂ လအကြာတွင် ၄၉ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော် အသက်ရှူလမ်းကြောင်း အဆင်မပြေကြသည့်လက္ခဏာပြသူများမှာ ၆ လအကြာတွင် လူနာဦးရေ ၂၆ ရာခိုင်နှုန်းမှ ၁၂ လအကြာတွင် ၃၀ ရာခိုင်နှုန်းသို့ တိုးလာခဲ့သည်။ ကိုဗစ်ရောဂါခံစားရဖူးသည့် အမျိုးသမီးများသည် အမျိုးသားများထက် ပင်ပန်းနွမ်းနယ်ခြင်း(သို့မဟုတ်)ကြွက်သားအားနည်းခြင်း စသည့် ဒဏ်များ ခံရနိုင်ခြေ ၄၃ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း တွေ့ရှိရပြီး နောက်ဆက်တွဲအနေဖြင့် စိုးရိမ်စိတ်နှင့် စိတ်ကျရောဂါ ဖြစ်နိုင်ခြေလည်း နှစ်ဆ ပိုမိုများပြားသည်။

သို့ရာတွင် ရောဂါလက္ခဏာမပြခင်က လုပ်ငန်းခွင်အတွင်း ရှိနေခဲ့သူ ၈၈ ရာခိုင်နှုန်းသည် နောက်တစ်နှစ် အကြာတွင် ၎င်းတို့ယခင်လုပ်ငန်းခွင်သို့ ပြန်ဝင်နိုင်သည့်အခြေအနေ ရှိနေသည်။

ယခုသုတေသနလုပ်ငန်းမှ တွေ့ရှိချက်များကို နိုင်ငံအသီးသီးရှိ အာဏာပိုင်များထံ သတိပေးနှိုးဆော်ထားခြင်းဖြင့် Covid-19 ကြောင့် ကျန်းမာရေးထိခိုက်သူများကို ရေရှည်ပံ့ပိုးနိုင်ရန် အသင့်ဖြစ်နိုင်ရေး ပြင်ဆင်ထားနိုင်ဖို့ ရည်ရွယ် သည်။

“ရေရှည်ကိုဗစ်ဟာ ခေတ်သစ်ဆေးဆိုင်ရာစိန်ခေါ်မှုတွေအတွက် ပထမအစီအစဉ်ဖြစ်ပါတယ်” ဟု The Lancet ဆေးပညာဂျာနယ်၏အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားပြီး ရောဂါအခြေအနေ ပိုမိုနားလည်ရန်နှင့် ကိုဗစ်ရောဂါ ခံစားဖူးသည့် လူနာများအတွက် ပိုမိုကောင်းမွန်သောစောင့်ရှောက်မှုများကို နောက်ထပ်သုတေသပြုရန် တိုက်တွန်းထားသည်။