CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၇

ပုဂံ-ညောင်ဦးမြို့ ရှိ Tuk Tuk မောင်းသူများသည် ခရီးသည်များကို မှီခိုစားသောက်ရသော်လည်း လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမရှိသည်မှာ တစ်နှစ်ကျော် ကြာလာပြီဖြစ်သည့်အတွက် ယခုကာလ တွင် ခရီးသည်တင်သည့် ယာဉ်အစား ရပ်ကွက်ထဲ၌ အောက်ဆီဂျင်အိုး သယ်ယူသည့်ယာဉ်အဖြစ် ပြောင်းလဲလုပ်ကိုင် လာကြ ကြောင်း သိရသည်။

Tuk Tuk Taxi Service လုပ်ငန်းလုပ်ကိုင်သူ ကိုမြကိုက “ခရီးသွားမရှိတော့ထဲက သုံးဘီးတွေက ထိုးထားရတော့ အခု နာရေး တွေမှာလည်း အခမဲ့ လိုက်ပေးသလို အောက်ဆီဂျင်အိုး သယ်တဲ့နေရာ၊ ကျန်းမာရေးကိစ္စတွေဆိုရင်လည်း လိုက်ပေးတယ်။ ဒီအချိန်မှာက အလုပ်ကလည်း မရှိတော့ ကူညီတဲ့သဘောပါပဲ။ ဆီဖိုးလောက်တော့ ရပါတယ်။ အရင်လိုတော့ မရဘူးပေါ့” ဟု ပြောသည်။

လက်ရှိတွင် အိမ်စီးကားဖြင့် လာသည့်ခရီးသည် အနည်းငယ်သာရှိပြီး ယခင်ကဲ့သို့ ဟိုင်းဝေးကားများဖြင့် လာရောက်လည် ပတ်သည့် ခရီးသွား မရှိတော့ခြင်းကြောင့် ၎င်းတို့ကို မှီခိုလုပ်ကိုင်စားသောက်နေသော ဒေသခံများအတွက် အလုပ်အကိုင်များ ခက်ခဲကာ စားဝတ်နေရေး ကျပ်တည်းလာခြင်းကြောင့် ရရာအလုပ်များကို လုပ်ကိုင်လာခြင်း ဖြစ်ကြောင်း Tuk Tuk မောင်းသူ များထံက သိရသည်။

ညောင်ဦးမြို့က Tuk Tuk မောင်းသူ ဦးဌေးမြင့်က “ကျနော်တို့ မိတ်ပေါတဲ့သူကတော့ ရပ်ကွက်ထဲ အောက်ဆီဂျင်အိုးသယ်တဲ့ အလုပ်လေး ရှိတာပေါ့။ ဈေးလည်း မရဘူး။ အကူအညီတောင်းတဲ့ သဘောပေါ့။ ခရီးသွားပုံစံမျိုးလည်း မဟုတ်တော့ တစ်ခါပို့ တစ်ထောင်ရ၊ နှစ်ထောင်ရပေါ့။ ဆီဖိုး အနေအထားပဲ တောင်းရတာပေါ့” ဟု လက်ရှိ လုပ်ငန်းလုပ်ကိုင်လာရသည့်ပုံစံကို CNI သတင်းဌာနသို့ ပြောပြသည်။

Tuk Tuk မောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် လုပ်ငန်းများ လုပ်ကိုင်၍မရသည့် အခြေအနေ ဖြစ်နေ သည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင် ကာလက ရှာဖွေစုဆောင်းထားသည့် ရွှေတို၊ ရွှေစများကို ထုခွဲ ရောင်းချခြင်း၊ မိမိပိုင် Tuk Tuk များ ရောင်းချခြင်းဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေရသည်ဟု ၎င်းတို့က ဆိုသည်။

ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတကာမှ ဧည့်သည်များ ဝင်ရောက်မှု ကျဆင်းခဲ့သဖြင့် ခရီး သွားလုပ်ငန်း၏ ဝင်ငွေအပိုင်းများလည်း သိသာစွာ ကျဆင်းသွားခဲ့ကာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကောက်ခံခဲ့ သော စစ်တမ်းများအရ ၂၀၂၀ ပြည့်နှစ်၊ မေလ၌ ၁၀၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ပြည်ပဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် (ဇန်နဝါရီမှ အောက်တိုဘာအထိ) တွင် လူဦးရေ ၃ သန်းကျော် ဝင်ရောက်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ အောက်တို ဘာအထိ) လူဦးရေ ၈ သိန်းကျော်သာ လာရောက်တော့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှ စတင်ပြီး စီးပွားရေးလုပ် ကိုင်ရန် လာရောက်နေသည့် နိုင်ငံခြားသားဝင်ရောက်မှုပါ ထိခိုက်ခဲ့ကြောင်း သိရသည်။

#ပုဂံ
#ညောင်ဦး
#TukTuk
#မောင်းသူ
#အိမ်စီးကား
#ခရီးသည်အစား
#အောက်ဆီဂျင်အိုးသယ်
#ခရီးသွား၀င်ရောက်မှု
#နိုင်ငံခြားသား
#အလုပ်အကိုင်ရှားပါး
#CNImyanmar
#cninews
#ChannelNewsIndependent