CNI News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၇
ဗြိတိန်နိုင်ငံမှ စင်ကာပူသို့ ပြန်လာသည့် ကျောင်းသူတစ်ဦးသည် ခရီးသွားပြီး နေအိမ်တွင်းသာ နေထိုင်ရမည့် ကာလစည်းကမ်းသတ်မှတ်ချက်ကို ဖောက်ဖျက်၍ အခြားသူများကိုပါ Covid-19 ကူးစက်စေခဲ့သောကြောင့် စင်ကာပူအာဏာပိုင်များက ၎င်းကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း Channel News Asia သတင်း၌ ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံမှ သရုပ်ဆောင်ဘွဲ့ရယူခဲ့သူ အသက် ၂၄ အရွယ်ရှိ အက်စသာတန်လင်ယင်သည် ယမန်နှစ် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်က စင်ကာပူသို့ ဆိုက်ရောက်လာရာ ချက်ချင်းအိမ်မပြန်ဘဲ ကူးစက်ရောဂါပိုးကို ပြည်တွင်း နေထိုင်သူများထံ ဖြန့်ဖြူးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု ဆိုသည်။
၎င်းသည် နေအိမ်တန်းမပြန်ဘဲ လေဆိပ်စားသောက်တန်းသို့ဝင်ခဲ့ကြောင်း၊ ဆယ်လီမန်တီဒေသရှိ ဆေးခန်း တစ်ခုသို့ ထပ်မံသွားရောက်ကာ သူမ၏ခရီးသွားရာဇဝင်ကို လိမ်လည်၍ ဆေးယူခဲ့ကြောင်း၊ယင်းနောက် ၎င်းတွင် Covid-19 positive တွေ့ရှိရပြီး ကူးစက်ရောဂါဆိုင်ရာအက်ဥပဒေအရ စွဲချက်အတင်ခံခဲ့ရကြောင်း သိရသည်။
တရားရုံးတွင် ၎င်းကထွက်ဆိုရာတွင် သူမ စင်ကာပူသို့ ဆိုက်ရောက်ချိန်၌ လူဝင်မှုကြီးကြပ်ရေးအရာရှိက အိမ်သို့ ချက်ချင်းပြန်ရန် သူမကို မှာကြားလိုက်ခြင်း မရှိကြောင်း၊ သူငယ်ချင်းများ ပြောကြားချက်သာ သိရှိရ၍ နောက်တစ်နေ့တွင် မိမိနေအိမ်တွင်သာ စတင်နေထိုင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ရုံးတော်တွင် အစိုးရရှေ့နေက သူမပြန်ရောက်စဉ် နှာခေါင်းစည်းကို မေးစေ့အောက်ဆွဲချထားရင်း ချောင်းဆိုးနေသည့်ရုပ်သံဖိုင်ကို ဖော်ထုတ် ပြသခဲ့သည်။
အက်စသာတန်လင်ယင်ကို စွဲဆိုထားသော အမှုအား ဆက်လက်စစ်ဆေးရန် စင်ကာပူတရားရုံးက ဩဂုတ် ၃၀ ရက် ထပ်မံချိန်းဆိုထားသည်။
အခြားသူများကို Covid-19 ကူးစက်ခံရအောင် ပြုမူနေထိုင်မိလျှင် စင်ကာပူဥပဒေအရ ထောင် ၆ လ (သို့မဟုတ်) ဒဏ်ကြေး စင်ကာပူဒေါ်လာတစ်သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံး ကျခံနိုင်ဖွယ်ရှိကြောင်း CNA သတင်းအရ သိရသည်။
Source: CNA
#Covid-19
#စင်ကာပူ
#ဗြိတိန်နိုင်ငံ
#ဥပဒေ
#ကိုဗစ်
#ကျောင်းသူ
#CNINews
#CNIMyanmar
#ChannelNewsIndependent