CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်သူများအနက်မှ ၉ ဦးကို ဓာတ်ခွဲနမူနာ စစ်ဆေးရာ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုး ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခြင်းကြောင့် ပွဲလမ်းသဘင်များနှင့် ခရီးသွားလာမှုများကို ကိုဗစ် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ခွင့်ပြုပေးစေလိုကြောင်း Rakhine Covid19 Watch က CNI သတင်းဌာနသို့ ပြောသည်။
Rakhine Covid19 Watch မှ တာဝန်ခံ ကိုဇော်လှိုင်ထွန်းက “ကျနော်တို့ဆီမှာတော့ ဒီမှာ ပွဲလမ်းသဘင်တွေ အရမ်းများတယ်လေ ဒီရာသီဆိုတော့။ အဲဒါတွေကို နည်းနည်း လျှော့ချနိုင်ရင်ကောင်းမယ်။ ပြီးတော့ ကိုဗစ် စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျင်းပနိုင်ရင် ကောင်းမယ်ပေါ့နော်။ ပြီးရင်တော့ လေကြောင်းနဲ့သွားတဲ့ ခရီးသည် လောက်ပဲ သူတို့က ကိုဗစ်စစ်တာရှိတာ။ ကားနဲ့သွားတဲ့ ခရီးသည်တွေကို စစ်တာမရှိတော့ အဲဒီဟာအတွက်ကို လည်း ပြည်နယ်အစိုးရအနေနဲ့ ဂရုစိုက်ဖို့တော့ လိုတာပေါ့။ လေယာဉ်နဲ့သွားတဲ့သူတွေက ရောဂါကူးပြီးတော့ ကားနဲ့သွားတဲ့သူက ရောဂါမကူးဘူးဆိုတာတော့ မဖြစ်နိုင်တဲ့ အချက်အလက်တွေပေါ့နော်။ ဆိုတော့ ခရီးသွား လာရေးကိုလည်း နည်းနည်း ကြပ်မတ်ပြီးတော့ နည်းနည်း စစ်ဆေးသင့်တယ်ပေါ့။ ဘာလို့လဲဆို အခုက ရခိုင်မှာ အိုမီခရွန် ၉ ယောက်တွေ့တယ်ဆိုတာက နောက်ဆက်တွဲ ကျန်တဲ့သူတွေလည်း အိုမီခရွန် ဖြစ်လာဖို့က ၁၀၀ ရာခိုင်နှုန်း သေချာတာကိုး” ဟု ပြောသည်။
ယနေ့အချိန်ထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံထားရသူ ၅၄၇၁ ဦးရှိပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမနှင့် ဝန်ထမ်း ၅၀ ကျော်နှင့် လေယာဉ်ခရီးသည် ၁၀ ဦးတို့ထံတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ယင်းအထဲမှ စစ်တွေတက္ကသိုလ်မှ ဝန်ထမ်း ၄ ဦး၊ လေယာဉ်စီးမည့် ခရီးသည် ၅ ဦးတို့၏ ဓာတ်ခွဲနမူနာတွင် အိုမီခရွန်ရောဂါပိုးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရခိုင်တွင် အိုမီခရွန်ရောဂါပိုး တွေ့ရှိထားမှုနှင့်ပတ်သက်ပြီး ကိုဗစ်တတိယလှိုင်းကာလ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်မှု အစီအမံများအတိုင်း ထိန်းချုပ်ဖို့ ညွှန်ကြားထားပြီး အောက်ဆီဂျင်အိုးများကိုလည်း အဆင်သင့် ထားရှိရန် ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေ ချုပ် ဦးလှသိန်းက CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ ရခိုင်မှာ ဘာလုပ်ထားလဲဆိုတော့ ရခိုင်မှာ မြို့နယ် ၁၇ မြို့နယ်မှာ ၁၆ မြို့နယ်မှာ အောက်ဆီဂျင်စက်ရုံ ရှိတယ်။ အောက်ဆီဂျင်စက်ရုံတွေကို အကုန်လုံး ကျနော်တို့က အကုန်လုံး အကြောင်းကြားပြီးတော့ မချို့ယွင်း စေနဲ့၊ ကိုယ့်မှာရှိသမျှ အိုးတွေကို တခါတည်း ဖြည့်ထား။ ဘာကြောင့်လဲဆိုတော့ လျှပ်စစ်မီးကလည်း အလှည့်ကျ ပေးနေရတာတွေ၊ ပျက်တာတွေ ရှိနေတော့လေ။ ကျနော်တို့ အဲလို လုပ်ထားတယ်။” ဟု ပြောသည်။
အိုမိခရွန် ရောဂါပိုး ကူးစက်ခံထားရသူများသည် စစ်တွေမြို့နယ်မှဖြစ်ပြီး ၎င်းတို့ကို ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု နေကြောင်းနှင့် ပြင်းထန်သည့်ရောဂါလက္ခဏာ ဖြစ်ပွားနေခြင်းများ မရှိကြောင်း ဦးလှသိန်းက ဆက်ပြောသည်။
ထို့နောက် ယခုဖြစ်ပွားနေသည့် အိုမီခရွန်ရောဂါပိုးသည် ရောဂါအသစ်တစ်မျိုးဖြစ်သည့်အပြင် ရောဂါလက္ခဏာ ပြင်းထန်သည် မပြင်းထန်သည်က ဆုံးဖြတ်ရန် စောလွန်းနေသည့် အခြေအနေ ဖြစ်နေသည့်အတွက် ပြည်သူများ အနေဖြင့် ပေါ့လျော့စွာ မနေသင့်ကြောင်း၊ ကူးစက်မှု မဖြစ်ပွားစေရန် လူစုလူဝေးများကို ရှောင်သင့်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“အဓိကကတော့ ရောဂါမကူးစက်အောင် နေဖို့ဆိုတာက ကိုယ့်ကိုယ်ကို မကူးစက်အောင်နေဖို့ အရေးကြီးတယ်။ လူစုလူဝေး ရှိတဲ့နေရာ မသွားပါနဲ့။ ရောဂါဖြစ်နေမှန်းလည်း သိတယ်၊ လူစုလူဝေးလည်း သွားမယ်၊ Mask မတပ် ဘူး။ လက်ဆေးမယ်ဆိုရင်တော့ ရောဂါကို သွားဖိတ်ခေါ်တာနဲ့ အတူတူပဲပေါ့နော်။ ကိုယ်ကတော့ ကျန်းမာနေလို့၊ အသက်အရွယ် ကောင်းတုန်းမို့လို့ ကိုယ့်ကိုယ် ဘာမှမဖြစ်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ မိသားစု၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါတွေ ရှိတဲ့လူတွေကျတော့ ဘယ်လိုဖြစ်လာမယ် မပြောတတ်ဘူးပေါ့နော်။ ကိုယ့်ကြောင့် သူများကူးစက်သွားတာမျိုးလည်း မဖြစ်ရအောင် ကျနော်တို့ လူစုလူဝေး ရှိတဲ့နေရာ ရှောင်ပါ။ ရောဂါ လက္ခဏာ ပြင်းတယ် မပြင်းတယ်က ကျနော်တို့ ပြောရ စောပါသေးတယ်။ အသစ်ဖြစ်လာတဲ့ ရောဂါတွေ ဖြစ်တဲ့ အတွက် မိမိကိုယ်ကိုယ်ကို မကူးစက်အောင် နေတာက အကောင်းဆုံးပါပဲ။ ကူးစက်ပြီးခါမှ ရောဂါဖြစ်ရတယ်၊ ဆုံးပါးရတယ်ဆိုတာ မကောင်းဘူးပေါ့နော်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို မကူးစက်အောင် နေတာ အကောင်းဆုံး ပါ” ဟု CNI သို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံထားရသူ ၅၄၇၁ ဦးရှိပြီး သေဆုံးသူ ၅၀၁ ဦး၊ လက်ရှိ ဆေးကုသမှု ခံယူနေ ဆဲ ဦးရေမှာ ၁၉၅ ဦးအထိရှိကြောင်း သိရသည်။