CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ်တွင် ‌လေယာဉ်ဖြင့် ခရီးသွားလာသူများကိုသာ ကိုဗစ်ပိုးစစ်ဆေးပြီး ကားဖြင့် သွားလာသူများအား ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးခြင်း မရှိသည့်အတွက် ဒေသခံများ၏ ဝေဖန်မှုများမှာ ထွက်ပေါ်လျက်ရှိသည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက လေယာဉ်သည် လေလုံခန်းဖြစ်သည့်အတွက် ကူးစက်နိုင်ခြေများသော‌‌‌ကြောင့် စစ်ဆေးခြင်းဖြစ်သည်ဟု CNI သတင်းဌာနသို့ ပြောသည်။

“လေယာဉ်ကတော့ မဖြစ်မနေ လေလုံတဲ့အခန်းမှာ စီးရတာဖြစ်တဲ့အတွက် Potential ပိုများတာပေါ့။ ရထားတို့ ကားတို့ကျတဲ့အခါကျတော့ ဘယ်လိုဖြစ်ဖြစ် ရထားစီးစီး ကားစီးစီး mask တော့တပ်ရတာပဲ။ တပ်တဲ့အခါမှာ သူတို့ကတော့ လေယာဉ်ထက်စာရင် ကူးစက်မှုရှိနိုင်ဖို့နည်းတာပေါ့နော်။ ဆိုတော့ အဲ့လိုသာ စစ်စတမ်းဆိုရင် ရန်ကုန်ဘတ်စ်ကားဂိတ်တွေမှာ စစ်နေရတာတွေ အများကြီးရှိနေမှာပေါ့။ ကျနော်တို့တိုင်းပြည်ရဲ့အနေအထား ပေါ်မှာလည်းမူတည်ပါတယ်။ စစ်တယ်ဆိုတာကလည်း လက်နဲ့စစ်သလို စစ်တာမဟုတ်ဘူး။ ကုန်ကျစရိတ်တွေ အများကြီးရှိတယ်”ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက်က လေယာဉ်စီးခရီးသည် ၁၀ ယောက်ကျော်နှင့် စစ်တွေတက္ကသိုလ်မှ ဝန်ထမ်း ၅ဝ ကျော် တို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကာ ထိုအထဲမှ ၉ ဦးအား အိုမီခရွန် ဟုတ်၊ မဟုတ် ရန်ကုန်သို့ ပေးပို့စစ်ဆေးခဲ့ရာတွင် ၉ ဦးစလုံး၏ စစ်ဆေးချက်တွင် အိုမီခရွန် ကိုဗစ်ပိုးကူးစက်ခံထားရသည်ကို တွေ့ရကြောင်း သိရသည်။

ထို့ကြောင့် ကိုဗစ်ပိုးစစ်ဆေးခြင်းအား အ‌ဝေးပြေးယာဉ်လိုင်းစီးသည့် ခရီးသည်များကိုပါ စစ်ဆေးသင့်ကြောင်း Rakhine Covid-19 Watch မှ တာဝန်ခံ ကိုဇော်လှိုင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“အခုက တစ်နေရာတည်းစစ်နေတော့ တစ်နေရာတည်းမှာပဲတွေ့နေတာပေါ့။ ဒါ့ကြောင့် အဝေးပြေးယာဉ်လိုင်း တွေလည်း စစ်နိုင်ရင်ကောင်းတယ်။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်ကဆိုရင် ပြည်နယ်အစိုးရက သူတို့ စီမံချက်ဆိုပြီး စစ်တွေမှာ လူ ၃၁၉ ဦး ဆေးစစ်တာတွေရှိတယ်ပေါ့။ အဲ့ထဲမှာ လူ ၅၀ မှာ ပိုးတွေ့တာတွေရှိတယ်။ အဲ့လိုမျိုး ၅၀ ရှိတဲ့ဟာအပြင် ကားနဲ့သွားတဲ့လူတွေဟာလည်း ပိုးတွေ့နိုင်ခြေ အများကြီးရှိပါတယ်။ ဆိုတော့ ဒီ အဝေးပြေး ယာဉ်လိုင်းသွားတဲ့ခရီးသည်ကိုလည်း ဒါ စစ်ဆေးသင့်တယ်လို့မြင်တာပေါ့။ တခြားတိုင်းဒေသကြီးကနေ ရခိုင်ကို ဝင်လာရင် အမ်းကနေစပြီးတော့ စစ်ဆေးသင့်တာပေါ့။ ဒါမှမဟုတ်လည်း စစ်တွေကနေစပြီးတော့ တခြား တိုင်း ဒေသကြီးတွေကိုသွားရင်လည်း စစ်တွေနေရာတစ်ခုမှာ သတ်မှတ်ထားတဲ့နေရာတစ်ခုလုပ်ပြီးတော့ ခရီးသွားတွေ ကို စစ်နိုင်ရင် ကောင်းတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင် က ယခုကဲ့သို့ ပြောသည်။

“လေယာဉ်နဲ့သွားတဲ့သူ စစ်တယ်၊ ကားနဲ့သွားတဲ့သူ မစစ်ဘူးဆိုတော့ ဒီကိစ္စနဲ့လည်း ကျနော်လည်း တိုင်ပင် ဆွေးနွေးကြည့်တယ်ပေါ့လေ။ ကျနော်တို့က အားလုံးကိုတော့ စစ်ဖို့ဆိုတာ ကျန်းမာရေးဝန်ထမ်းအင်အား အနေနဲ့လည်း မလိုက်နိုင်ဘူးပေါ့။ ပစ္စည်းလိုအပ်ချက်လည်း အများကြီးရှိမယ်ပေါ့လေ။ သွားတော့ သွားနေကြ တာပဲ။ ကျနော်တို့က မော်နီတာတစ်ခုထားပြီးလုပ်တဲ့သဘောအနေနဲ့ ‌လေကြောင်းကို ရွေးလိုက်တဲ့သဘောပါ။ လေကြောင်းကျတော့ ကျနော်တို့ လေယာဉ်စီးခရီးသည်တွေကိုပဲ သီးသန့် simple ကောက်ပြီးစောင့်ကြည့်တဲ့ သဘောပေါ့ဗျာ။ လူအားလုံးကို မစစ်နိုင်တဲ့အချိန်မှာ အုပ်စုတစ်ခုကို စစ်လိုက်တဲ့သဘောပဲ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာစုစုပေါင်း ၅၄၇၁ ဦးရှိပြီး လက်ရှိတွင် ကုသနေဆဲလူနာ ၁၉၅ ဦးရှိကြောင်း သိရသည်။