လန်ဒန်၊ ဇန်နဝါရီ ၂

ဘုရင်မကြီး အဲလိဇဘက်၏ နှစ်စဉ်ချီးမြှင့်နေကျ နှစ်သစ်ကူးဂုဏ်ထူးဆောင်စာရင်းတွင် Covid-19 တိုက်ဖျက်ရေးအတွက် ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းခဲ့ကြသော ဆေးသိပ္ပံပညာရှင်များနှင့် ကျန်းမာရေး အမှုထမ်း၊ အရာထမ်းအကြီးအကဲများကို ဗြိတိန်အစိုးရက ဂုဏ်ပြုချီးမြှင့်ခဲ့သည့်အပြင် ဂျိန်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရက်ခ်ကိုလည်း ထင်ရှားကျော်ကြားသည့်ဇာတ်ကောင်စရိုက်အပေါ် အလားတူဂုဏ်ပြုခဲ့ကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် Channel News Asia ဝက်ဘ်ဆိုက် ရေးသားဖော်ပြသည်။

ထောက်လှမ်းရေးများ၊ သံတမန်များ၊ နိုင်ငံခြားရေးရုံးဝန်ထမ်းများအတွက် အစဉ်အလာအရ သီးသန့်ထားရှိသော CMG (St. Michael နှင့် St. George) ဂုဏ်ပြုမှုကို ဒန်နီယယ်ခရက်ခ်အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အတွက် ထွက်ရှိထားသော ဂျိမ်းစ်ဘွန်း No Time to Die ဇာတ်ကားတွင် ပြောင်မြောက်သော သရုပ်ဆောင်မှု ကြောင့် ဒန်နီယယ်ခရက်ခ်သည် ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသည်ဟု သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းရေးအတွက် ပါဝင်ခဲ့ကြသည့် ကျန်းမာရေးဆိုင်ရာထိပ်တန်း အရာရှိ များနှင့် အခြားထူးချွန်သူများကိုလည်း ဗြိတိန်အစိုးရက ယခု ၂၀၂၂ နှစ်ဦးတွင် အသိအမှတ်ပြု ဂုဏ်ပြုခဲ့ရာတွင် အင်္ဂလန်၊ စကော့တလန်နှင့် ဝေလပြည်နယ်များအတွက် ဆေးဘက်ဆိုင်ရာအရာရှိချုပ်များဖြစ်ကြသည့် ခရစ္စဝစ်တီ၊ ဂရီဂေါ်စမစ်နှင့် ဖရန့်ခ်အသာတန်တို့ကို နိုင်ငံ၏သူရဲကောင်းများဆု ချီးမြှင့်ခဲ့သည်။

တစ်ချိန်တည်းမှာပင် Pfizer ကာကွယ်ဆေးထုတ်လုပ်ခဲ့သည့် ဆေးဝါးဖော်စပ်မှုအရာရှိချုပ် ရော့ဒ်မက်ကန်ဇိုင်း၊ ၊ BioNTech ဆေးကုမ္ပဏီမှ ရှောင်မရတ်၊ Moderna ဆေးကုမ္ပဏီမှ မီလာနီအီဗာဆင်တို့ကိုလည်း ဗြိတိန်အစိုးရက အသိအမှတ်ပြု ချီးမြှင့်ခဲ့သည်။

ထို့ပြင် ၁၉၉၇ ခုနှစ်တွင် ဝေလမင်းသမီး ဒိုင်ယာနာ၏ဈာပနအခမ်းအနားတွင် ဆွတ်ပျံ့လွမ်းမောဖွယ်ရာ လေထဲက ဖယောင်းတိုင် (Candle in the Wind) သီချင်းစာသားအတွက် အဲလ်တန်ဂျွန်နှင့် ပူးပေါင်းဖန်တီးပေးခဲ့သည့် နာမည်ကျော် ဂီတစာဆို ဘာနီးတော်ပင် (Bernie Taupin) ကိုလည်း ယခုနှစ်ဦးတွင် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

Source: Reuters, Channel News Asia