CNI International News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄
SARS-Cov-2 ၏ အသွင်ပြောင်းမျိုးကွဲ အိုမိုက်ခရွန်ကြောင့် ရောဂါဖြစ်ပွားမှုအခြေအနေကို ဖော်ပြရန်အတွက် ဆေးသိပ္ပံပညာရှင်များသည် “မပြင်းထန်နိုင်” ဟူသောစကားရပ်ကို သတိကြီးကြီးဖြင့် လတ်တလော သုံးစွဲနေကြ ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားထားသည်။
အိုမိုက်ခရွန်မျိုးကွဲသည် ပိုမိုပျော့ပျောင်းသော်လည်း ကူးစက်သူဦးရေ သိသာစွာတိုးလာ၍ ကျန်းမာရေးဝန်ထမ်း များ အနေဖြင့် အတည်ပြုဖြစ်ပွားသူများကို သီးခြားခွဲထားရခြင်းကြောင့် ဆေးရုံတက်ရသူအရေအတွက် ထပ်မံ များပြားလာနိုင်ကြောင်း မျှော်မှန်းထားကြသည်။
အဆိုပါရောဂါပိုးမူကွဲသည် ပြင်းထန်သော ဖျားနာမှု အမှန်တကယ်ဖြစ်ပေါ်နိုင်ပြီး ဆေးရုံတက်ရနိုင်ခြေ နည်းစေ၊ များစေကာမူ ကမ္ဘာ့အရပ်ရပ်မှ ထွက်ပေါ်လာသော အချက်အလက်များအရ လျှော့တွက်၍ မရကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက်ရေးသားသည်။ သို့သော် ကြွက်များနှင့် ဟမ်းစတားကောင်လေးများရှိ အဆုတ် တစ်သျှူးဆိုင်ရာ အစောပိုင်း ဓါတ်ခွဲရရှိသော အချက်အလက်များအရတော့ အဖြေအချို့ သိနိုင်ပြီဖြစ်သည်။
အိုမိုက်ခရွန်သည် လူ့အဆုတ်သို့ သွားသည့် အသက်ရှူလမ်းကြောင်းအတွင်း ရွေ့လျားရာတွင် ဒယ်လ်တာပိုးထက် အဆ ၇၀ ပိုမိုမြန်ဆန်ကြောင်း ဟောင်ကောင်တက္ကသိုလ်၊ ဆေးပညာဌာနမှ သုတေသီအဖွဲ့တစ်ဖွဲ့က တွေ့ရှိ ခဲ့သည်။
အတည်မပြုရသေးသော သုတေသနပြုချက်တစ်ခုအရ ဒယ်လ်တာနှင့် မူလကိုရိုနာဗိုင်းရပ်စ် နှစ်မျိုးစလုံးနှင့် နှိုင်းယှဉ်လျှင် အိုမိုက်ခရွန်သည် လေပြွန်အပေါ်ပိုင်းနှင့် အဆုတ်ပြွန်များအတွင်းသို့ ပိုမိုမြန်ဆန်စွာ ထိုးဖောက် နိုင်သော်လည်း အဆုတ်တစ်သျှူးထဲတွင်တော့ နှေးကွေးမှုရှိနေကြောင်း ခန့်မှန်းကြသည်။
အိုမိုက်ခရွန်မျိုးကွဲသည် မူလ SARS-CoV-2 ထက် လူ့အဆုတ်တစ်သျှူးအတွင်း တစ်ကြိမ်လျှင် ထိုးဖောက်နိုင်စွမ်း ၁၀ ဆပိုနည်းပြီး ရောဂါပြင်းထန်မှုလျော့ပါးနိုင်ကြောင်း သုတေသီများက တွက်ချက်ကြသည်။
Covid-19 ၏ ပြင်းထန်သောဖျားနာမှုတွင်တော့ အဆုတ်ထဲသို့ ဗိုင်းရပ်စ်ပိုး ထိုးဖောက်ဝင်ရောက်ပြီးသည်နှင့် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့ပါ ပျံ့နှံကာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းရှိ ပါးစပ်၊ နှာခေါင်း စသည်တို့တွင် ဗိုင်းရပ်စ် တည်ရှိနိုင်စွမ်းလျော့ပါးသွားသည်ဟု ယူဆခဲ့ကြသည်။
သို့သော် ယခုဟောင်ကောင်တက္ကသိုလ် သုတေသနလုပ်ငန်းကို ဦးဆောင်သူ ဒေါက်တာမိုက်ကယ်ကတော့ ကနဦးတွေ့ရှိချက်ကို သတိထားကြရန် တိုက်တွန်းလာခဲ့သည်။
“လူတွေမှာ ရောဂါပြင်းထန်မှုအနေအထားကို ဗိုင်းရပ်စ်ပိုး တိုးလာတာတင်မကဘဲနဲ့ ကူးစက်ခံရသူရဲ့ ကိုယ်ခံအား တုံ့ပြန်မှုကလည်း သတ်မှတ်ပေးတယ်ဆိုတာ သတိထားကြဖို့ အရေးကြီးပါတယ်” ဟု ဒေါက်တာချမ်းက ပြောသည်။
Covid-19 ကြောင့် ဆေးရုံတက်ရသူအများအပြားသည် ဗိုင်းရပ်စ်ကြောင့်သာမကဘဲ လူ့ခုခံအားစနစ်မှ ဗိုင်းရပ်စ်ကို တုံ့ပြန်တွန်းလှန်မှုအပေါ် မခန့်မှန်းနိုင်သည့် သဘောသဘာဝကြောင့်လည်း ရောဂါပြင်းထန်ရသည်ဟု သိရသည်။
အချို့အခြေအနေများတွင် ကိုယ်ခံအားစနစ်သည် တားဆီး၍မရဘဲ ဗိုင်းရပ်စ်ထိုးဖောက်ခံရသော ဆဲလ်များကို သာမက အခြားကျန်းမာသန်စွမ်းနေသည့် ဆဲလ်များကိုပါ တိုက်ခိုက်ကြသည်။
အိုမိုက်ခရွန်ကဲ့သို့ အလွန်ကူးစက်မြန်သော ဗိုင်းရပ်စ်ပိုးသည် အခြားအဆုတ်နှင့်ဆက်စပ်ကူးစက်မှုများလောက် မဆိုးရွားသော်လည်း ပြန့်ပွားမှု မြန်ဆန်နေခြင်းက ရောဂါပိုပြင်းထန်စေပြီး သေဆုံးနိုင်သည်အထိ အန္တရာယ်များ နေဆဲဖြစ်ကြောင်း ဒေါက်တာချမ်းက မှတ်ချက်ချသည်။
မည်သို့ပင်ဆိုစေကာမူ ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရသူအရေအတွက်မှာ တကျော့ပြန် သိသာစွာ တိုးလာနေပြီဖြစ်သည်။ အခြားစိုးရိမ်စရာတစ်ရပ်မှာ လူ့ကိုယ်တွင်းမှ ဗိုင်းရပ်စ်ကင်းစင်သွားသော်လည်း ရောဂါလက္ခဏာများ တာရှည်စွာ ရှိနေလျှင် နာတာရှည်ကိုဗစ် (Long Covid) ဟု သတ်မှတ်ရခြင်းဖြစ်သည်။
Source: Aljazeera