CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၂

Covid-19 ကြောင့် ကမ္ဘာတဝန်း သေဆုံးသူဦးရေသည် ၅ သန်းကျော်အထိ ယခု နိုဝင်ဘာ ၁ ရက်တွင် တိုးလာခဲ့ပြီး နှစ်နှစ်အတွင်း ဆင်းရဲသောနိုင်ငံများကို အကျပ်အတည်းတစ်ခုအဖြစ် ဆိုးရွားစွာ ထိခိုက်စေရုံသာမကဘဲ ချမ်းသာ သော နိုင်ငံများကိုလည်း ပထမတန်းစားကျန်းမာရေးစောင့်ရှောက်မှုစနစ်အား အဆင့်နိမ့်ကျသွားစေခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဝင်ငွေအလယ်အလတ် (သို့မဟုတ်) ဝင်ငွေမြင့်မားသောနိုင်ငံများဖြစ်ကြသော အမေရိကန်၊ ဥပရောပသမဂ္ဂ၊ ဗြိတိန် နှင့် ဘရားဇီး စသည့်နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၈ ပုံ ၁ ပုံမျှရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အားလုံး၏ထက်ဝက်နီးပါးရှိနေသည်။ အမေရိကန်တစ်နိုင်ငံတည်းတွင် လူ ၇၄၅,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရ၍ ၎င်းကိန်းဂဏန်းသည် အခြားနိုင်ငံများထက် ပိုမိုများပြားသည့် သေဆုံးမှုနှုန်းဖြစ်သည်။

ယေးလ်ပြည်သူ့ကျန်းမာရေးကျောင်းမှ ကူးစက်အထူးကုဒေါက်တာ အဲလ်ဘတ်ကိုက “ဒါဟာ ကျနော်တို့ တစ်သက်တာကို အဆုံးအဖြတ်ပေးတဲ့ အခိုက်အတန့်ပါပဲ။ နောက်နောင်မှာ အခုလို လူ ၅ သန်း ဖိတ်စင်တာမျိုး မကြုံရအောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဘာဆက်လုပ်ကြမလဲပေါ့” ဟု ပြောသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်မှ စာရင်းဇယားများအရ သေဆုံးသူဦးရေသည် လော့စ်အင်ဂျလိစ်မြို့နှင့် ဆန်ဖရန် စစ္စကိုမြို့တို့၏ နှစ်မြို့စာလူဦးရေနှင့် ညီမျှကြောင်း တွေ့ရသည်။ ယခုအခါ ကမ္ဘာတလွှား Covid-19 ကပ် ရောဂါသည် နှလုံးရောဂါနှင့်လေဖြတ်ရောဂါတို့ပြီးလျှင် တတိယမြောက်လူသေဆုံးမှုအများဆုံး ရောဂါ ဖြစ်လာခဲ့သည်။

တုန်လှုပ်ခြောက်ခြားစရာကောင်းသော ယခုသေဆုံးမှုကိန်းဂဏန်းသည် ရောဂါရှာဖွေစမ်းသပ်နိုင်မှု အကန့်အသတ် ဖြင့်သာ ရှိခြင်းကြောင့် ပေါ်ပေါက်လာရသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံ၏အချို့အစိတ်အပိုင်းများရှိ ကမ္ဘာ့ အဆင်းရဲဆုံးလူနေရပ်ဝန်း၌ ဆေးကုသမှု မရဘဲ နေအိမ်အတွင်း၌ပင် သေဆုံးခဲ့ရသူများရှိခဲ့သည်။

ရောဂါပိုးသည် စတင်ကူးစက်ချိန်မှစ၍ ၂၂ လတာကာလအတွင်း လူနေအထူထပ်ဆုံးနေရာများသို့ ရွေ့လျား သွားခဲ့ပြီး ကမ္ဘာ့မြေပုံပေါ်တွင် ကူးစက်ခံရသည့်နေရာများ အနီရောင်ပြည့်နှက်လျက် ရဲရဲတောက်သွားခဲ့သည်။ အထူးသဖြင့် ကောလာဟလများ၊ သတင်းအမှားများနှင့် အစိုးရအပေါ် အယုံအကြည်မရှိခြင်းတို့ကြောင့် ကာကွယ်ဆေးထိုးနှံရေးကြိုးပမ်းမှု၌ အ နှောင့်အယှက်ဖြစ်ခဲ့ရာ ရုရှား၊ ယူကရိန်းနှင့် အရှေ့ဥရောပရှိ ဒေသ အချို့တွင် ယခုအချိန်အထိ ဗိုင်းရပ်စ် ပျံ့နှံ့နေဆဲဖြစ်သည်။

ယူကရိန်းနိုင်ငံတွင် အရွယ်ရောက်ပြီးသူ လူဦးရေ၏ ၁၇ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံ ပေးနိုင်ခဲ့ပြီး အာမေးနီးယားနိုင်ငံတွင် ထိုးနှံနိုင်မှုနှုန်း ၇ ရာခိုင်နှုန်းသာ ရှိသေးသည်။

“ဒီကပ်ရောဂါမှာ ထူးခြားချက်တစ်ခုက သယံဇာတ ပိုင်ဆိုင်မှုများတဲ့နိုင်ငံတွေကို အပြင်းထန်ဆုံး ထိခိုက် စေခြင်းပါ။ ဒါဟာ Covid-19 ရဲ့ ကျီစားမှုပါပဲ” ဟု ကိုလံဘီယာတက္ကသိုလ်ရှီ ကမ္ဘာ့ကျန်းမာရေးဌာန ICAP ဒါရိုက်တာ ဒေါက်တာဝါဇားအီဆာဒါက ကောက်ချက်ချခဲ့သည်။