မော်စကို၊အောက်တိုဘာ ၃၁

G20 ထိပ်သီးအစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏ စပွတ်နစ်ဗီ (Sputnik V) အမည်ရှိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို နိုင်ငံတကာအသိအမှတ်မပြု၍ ဆေးဝါးထုတ်လုပ်မှုအပြိုင်အဆိုင်ရှိနေခဲ့မှုအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လျက် စောဒကတက်ခဲ့သော်လည်း ခေါင်းဆောင်များအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေးကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်သွားကြရန် သဘောတူညီမှုရရှိခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ရုရှား၏ စပွတ်နစ်ဗီအပေါ် နိုင်ငံတကာသတ်မှတ်ချက်နှင့်အညီ မရရှိခဲ့ခြင်းကို အတိအလင်းကိုးကားလျက် ဗလာဒီမာပူတင်က G20 နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများကို ကာကွယ် ဆေးနှင့်ပတ်သက်၍ အမြန်ဆုံး ဆွေးနွေးကြရန် အောက်တိုဘာ ၃၀ ရက်က တိုက်တွန်းခဲ့သည်။

“G20 ဆုံးဖြတ်ချက်များ ချထားပေမယ့် လိုအပ်တဲ့နိုင်ငံတွေမှာ Covid-19 ကာကွယ်ဆေး သုံးစွဲခွင့်မရသေးပါဘူး” ဟု ရုရှားအစိုးရရုပ်သံလိုင်းမှ ပြန်လည်ထုတ်လွှင့်သော ဗီဒီယိုမက်ဆေ့ချ်တွင် ပူတင်က ပြိုင်ဘက်များကို ပြောကြား ခဲ့သည်။

“အဓိကကတော့ မရိုးသားတဲ့ပြိုင်ဆိုင်မှုတွေ၊ ဖုံးဖုံးဖိဖိလုပ်ပေးတာတွေကြောင့် အခုလိုဖြစ်ရတာဗျ။ အထူးသဖြင့် G20 အုပ်စုဝင် နိုင်ငံတချို့က ကာကွယ်ဆေးနဲ့ ကာကွယ်ဆေးသုံးစွဲပိုင်ခွင့်လက်မှတ်တွေ အပြန်အလှန် အသိအမှတ်ပြုဖို့ အဆင်သင့်မဖြစ်သေးတာကို တွေ့ရပါတယ်” ဟု ၎င်းက ထပ်လောင်းက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် တောင်အာဖရိကနိုင်ငံ၌ ကာကွယ်ဆေး အလွန်လိုအပ်နေသော်လည်း အမျိုးသားများ အတွက် HIV ကူးစက်နိုင်ခြေ ပိုဆိုးစေသည်ဟုဆိုကာ ရုရှားကာကွယ် ဆေးကို အတည်ပြုလက်ခံရန် ငြင်းဆန် ခြင်းခံခဲ့ရသည်။

ရုရှား၏ စပွတ်နစ်ဗီသည် ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့တွင်လည်း ကာကွယ်ဆေးဆိုင်ရာအတည်ပြုချက် ကင်းမဲ့နေသည်။

ပူတင်ကဲ့သို့ပင် G20 ထိပ်သီးအစည်းအဝေးကျင်းပရာ အီတလီနိုင်ငံ၊ ရောမမြို့သို့ သွားရောက်ခြင်းမပြုဘဲ အွန်လိုင်းဖြင့်သာ ပါဝင်တက်ရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ကာကွယ်ဆေးကိစ္စ အပြန်အလှန် အသိအမှတ်ပြုကြရန် အလားတူတောင်းဆိုခဲ့ကြောင်း တရုတ်အစိုးရပိုင်မီဒီယာမှ ထုတ်လွှင့်ခဲ့သည်။