CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၃၀

Covid-19 ၏ ဇစ်မြစ်ကို မည်သည့်အခါမှ ဖော်ထုတ်နိုင်မည်မဟုတ်ကြောင်း အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများက ပြောကြားသော်လည်း ၎င်းကို ဇီဝလက်နက်အဖြစ် ဖန်တီးထားခြင်းမဟုတ်ကြောင်း ကောက်ချက်ချထားသည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်၌ ရေးသားဖော်ပြထားသည်။

ဗိုင်းရပ်စ်စတင်သည့်နေရာကို ဆန်းစစ်အကဲဖြတ်ကြည့်ရာ တိရစ္ဆာန်မှ လူသို့ကူးစက်ခြင်းနှင့် ဓာတ်ခွဲခန်းယိုစိမ့်ရာမှ ပြန့်ပွားပုံခြင်း ယူဆချက်နှစ်ခုစလုံး ဖြစ်နိုင်ခြေရှိကြောင်း အမေရိကန်အမျိုးသားထောက်လှမ်းရေး ညွှန်ကြား ရေးမှူးရုံး (ODNI) က ကြေညာခဲ့သည်။

သို့သော် တိကျစွာ ကောက်ချက်ချဖို့ အချက်အလက်များ လုံလုံလောက်လောက် မရှိသည့် အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာကို တရုတ်နိုင်ငံက ဝေဖန်ခဲ့သည်။ ယခု ထောက် လှမ်းတွေ့ရှိချက်များသည် ပြီးခဲ့သည့် ဩဂုတ်လတွင် သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည့် ရက် ၉၀ ကြာ ပြန်လည် သုံးသပ်မှုကို အဆင့်မြှင့်တင်၍ အမျိုးအစားခွဲခြားလျက် အစီရင်ခံစာတွင် ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်၏ဖြစ်နိုင်ခြေအရှိဆုံးဇစ်မြစ်အပေါ် ခွဲခြားစိစစ်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ဆက်လက်ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ၎င်းရောဂါပိုးရှိသော တိရစ္ဆာန် (သို့မဟုတ်)ဆက်စပ်ဗိုင်းရပ်စ်ပိုးမှ ဆင်းသက်လာသည်ဟု အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ ၄ ခုက အကဲဖြတ်ကြသည်။

သို့သော် ပထမဆုံးလူသားကူးစက်မှု ဖြစ်နိုင်ခြေအရှိဆုံးမှာ ဓာတ်ခွဲခန်း မတော်တဆမှုတစ်ခု၏ရလဒ်ဟု ယူဆပြီး ဝူဟန်ဗိုင်းရပ်စ်ဗေဒဌာနမှ စမ်းသပ် စမ်းသပ်ခြင်း(သို့မဟုတ်)တိရစ္ဆာန်ကိုင်တွယ်ခြင်းတို့ ပါဝင်နိုင်သည်ဟု နောက်ထပ်အေဂျင်စီတစ်ခုက ပြောကြား ခဲ့သည်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ Covid-19 မဖြစ်ပွားမီ တရုတ်တာဝန်ရှိသူများသည် ဗိုင်းရပ်စ် ဖြစ်တည်နေခြင်းကို မသိရှိကြောင်း ယခုထောက်လှမ်းရေးအစီ ရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် တရုတ် သည် ကမ္ဘာလုံးဆိုင်ရာ Covid-19 ဇစ်မြစ်စုံစမ်းစစ်ဆေးနေခြင်းအပေါ် ဆက်လက်တားဆီးနေပြီး သတင်း အချက်အလက်မျှဝေခြင်းကိုပါ ဆန့်ကျင်နေသည်ဟု ဘီဘီစီက ဆက်လက်ရေးသားထားသည်။