၂၀၂၁ ခုနှစ်၊ ‌အောက်တိုဘာ ၃၀

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ဒေသတွင် ကိုဗစ် - ၁၉ ကူးစက်မှု များလာသည့်အတွက် အဝင်အထွက် ဂိတ်များကို ပိတ်ထားသည်ဟု KIO မှပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ကြီး နော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ လူဝင်၊ လူထွက်တွေကို ကြီးကြပ်တာပါ။ အားလုံးက Quarantine ဝင်ပြီးမှပဲ ဝင်ရ ထွက်ရဆိုတဲ့ စည်းကမ်း ချက်တွေကို ကြပ်ကြပ်မတ်မတ် လုပ်ထားတာပါ။ အခုတော့ မိုင်ဂျာယန်ဘက် မှာလည်း ကိုဗစ် ရောဂါတော့ နဲနဲထပ်တွေ့ ရတာလေ။ ဆိုတော့ အဲဖက်ကနဲ့ ကျနော်တို့ လိုင်ဇာဘက်ကို ဝင်တဲ့လူတွေကို ခဏလေး ပြန်ပိတ် လိုက်တာပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။

မိုင်ဂျာယန်နှင့် အင်ဂျန်ယန်ရှိ ရပ်ကွက်နှင့် စာသင်ကျောင်း တချို့တွင် ကူးစက်မှုများ ပျံနှံနေသလို ရွာများတွင်လည်း တစ်ယောက်စ၊ နှစ်ယောက်စ ကူးစက်မှုများ ရှိနေသည်။ ထို့နောက် ရွာတိုင်း၊ ရပ်ကွက်တိုင်းတွင် ကူးစက်မှု ရှိလာနေသည့် အတွက် ပျံ့နှံ့မှုဖြစ်နေကြောင်း ၎င်းက ပြောသည်။

လက်ရှိ မိုင်ဂျာယန်မြို့ ပတ်ဝန်းကျင်တွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၂၀၀ ကျော်ရှိနေပြီး KIA ထိန်းချုပ်နယ်မြေရှိ စာသင် ကျောင်းများ အားလုံးကို ပိတ်ထားရသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပုံ- မိုင်ဂျာယန်မြို့နယ်ရှိ ကွာရန်တင်းစင်တာတစ်ခုကိုတွေ့ရစဉ်။(The Kachin Net)

၎င်းက “ကိုဗစ်ရောဂါက လူတိုင်းမှာ ဖြစ်တတ်တဲ့ ရောဂါပါ။ ဒါက လူကြီး၊ လူငယ်၊ ‌နောက် ဆင်းရဲတယ်။ ချမ်းသာတယ်။ တခြားလူကြီးတို့ အားလုံးမှာဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အဓိကတော့ ကိုယ့်ရဲ့ ကျန်းမာရေးကတော့ ကိုယ်က ဖြစ်နေ တာ။ ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့က‌‌တော့ လူတိုင်းမှာ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ သူများရပ်ကွက်၊ သူများရွာမှာ ဖြစ်တဲ့အချိန်မှာ ကျနော်တို့ စိတ်ထဲမှာ မထိခိုက်ဘူး။ ကိုယ့်အနားမှာ ဖြစ်လာပြီဆိုရင်‌တော့ စိတ်ထဲမှာ ပိုပြီးထိခိုက်တာ။ တဖြည်းဖြည်းနဲ့ ကိုယ့်အိမ်မှာ ကိုယ့်မိသားစုမှာလည်း ဖြစ်လာနိုင်တယ်။ ဒါကြောင့် စည်းကမ်း လိုက်နာမှုကိုတော့ အဓိကထားပြီးတော့ လိုက်နာဖို့ အားလုံးကို ပြောလိုတာဖြစ်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

 

၂၀၂၁ ခုနှစ်၊ မေလက ပထမအကြိမ်အဖြစ် ပြည်သူ ၄၀၀၀၀(လေးသောင်း)ကျော်ကို ထိုးနှံပေးပြီးဖြစ်ကာ ကျန်ရှိနေသည့် ပြည်သူများ ကိုလည်း ထိုးနှံပေးသွားမည်ဟု သိရသည်။

ထို့နောက် KIO ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာ၊ မိုင်ဂျာယန် တစ်ကြောရှိ ပြည်သူ ၂၀၀၀၀ (နှစ်သောင်း)ကျော်ကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံထုတ် SINOVAC ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ လိုင်ဇာမြို့ အဝင်အထွက်ကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ကာကွယ်ဆေး ထိုးပြီးသူများကို ၁၄ ရက် Q(ကွာရန်တင်း)ဝင်ရန် သတ်မှတ်ထားကြောင်း၊ ကာကွယ် ဆေး မထိုးထားသူများကို ၂၁ ရက် Q (ကွာရန်တင်း) ဝင်ရ မည်ဟု သတ်မှတ်ထားကြောင်း၊ ထိုသတ်မှတ်ချက်များ ဆောင်ရွက်ပြီးမှသာလျှင် မြို့အတွင်းသို့ ဝင်ခွင့်ပြုကြောင်း KIO ထံမှ သိရသည်။

အဆိုပါ စစ်ဆေးမှုအတွင်း ကိုဗစ် - ၁၉ လူနာတွေ့ရှိခဲ့ပါက ဆေးကုသမှု၊ အာဟာရဖြည့်ပေးမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။