၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရေး တရုတ်၊ ရုရှားနိုင်ငံတို့နှင့် ဆွေးနွေးနေကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အောက်တိုဘာ ၂၈ ရက်က ကျင်းပသည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး‌တော့ ကျနော်တို့ ကြိုးစားနေတာ ရှိပါတယ်။ တရုတ်နိုင်ငံ နဲ့ ဆွေးနွေးနေတာ ရှိပါတယ်။ ရုရှားနိုင်ငံနဲ့ ဆွေးနွေးနေတာ ရှိပါတယ်။ မနေ့ကပဲ ရုရှားက ကိုယ်စားလှယ်အဖွဲ့တွေ အချို့ ကျနော်ကိုလာပြီး တင်ပြတာရှိတယ်။ သူတို့ ဘယ်လိုလုပ်ပေးနိုင်ပါတယ်ဆိုပြီး ဒီလိုပြောလာတာရှိတယ်။ ဒါလည်း ကျ‌နော် တို့က ဒီဆေးကလည်း ရေရှည်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက်ကြောင့် ကျနော့်အနေနဲ့လည်း ဒီဟာကို အမြန်ဆုံး ဆောင်ရွက်ဖို့ လိုတယ်” ဟု ပြောသည်။

လက်ရှိတွင် ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို တရုတ်နိုင်ငံမှ ဝယ်ယူနေရပြီး တရုတ်နိုင်ငံမှ မိမိတို့ လိုသလောက် ရောင်းချ မပေးပါက ယခုကဲ့သို့ ကိုဗစ် - ၁၉ ကူးစက်မှု လျော့ကျလာစရာ မရှိကြောင်းနှင့် ထိုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင် ကြောင်း ၎င်းက ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက “ကောင်းပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်ဟာကို ထုတ်နိုင်အောင် ကြိုးစားတာက‌ တော့ သူတို့ အကူအညီ ပေးနိုင်မယ်ဆိုရင်တော့ ကိုယ့်ပြည် တွင်းကို ဖူလုံအောင် အားလုံးထိုးနိုင်အောင် ကြိုးစားတာဟာ ကောင်းတာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

ပုံ- အောက်တိုဘာ ၂၈ ရက်က ၁၃ ကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်။

မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်း သေဆုံးမှု မြင့်တက်ခဲ့ကြောင်းနှင့် ယမန်နေ့ အောက်တိုဘာ ၂၈ ရက်တွင် သေဆုံးမှု ဆယ် ဂဏန်းသာရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“သူများတိုင်းပြည် တချို့ဆို ပြန်ပြီး ကူးစက်မှု များနေတဲ့အချိန်မှာ သေတဲ့နှုန်းလည်း များနေတဲ့အချိန်မှာ ကျနော်တို့က ဖြစ် ပွားမှုနှုန်းရော သေတဲ့နှုန်းရော တော်တော်လေးကို ကျသွားတာ။ အဲဒီတော့ အင်မတန်ကို ကုသိုလ်ကံ ကောင်းတယ်လို့ ပြော ရလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ကိုဗစ် - ၁၉ ရောဂါသည် ယှဉ်တွဲသွားရမည့် ရောဂါတစ်ခုဟု ပြောထားသည့် အတွက်ကြောင့် မိမိတို့အနေဖြင့် ကာကွယ် ဆေးကို ၆ လတစ်ကြိမ် ထိုးနှံရမည့် အနေအထားတွင် ရှိနေကြောင်း ဆိုသည်။

လက်ရှိတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ သန်း ၂၀ နီးပါးရှိပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း၌ နိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ထပ်မံချိတ်ဆက် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၈ ရက် ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ် - ၁၉ ရောဂါဖြင့် သေဆုံးသူ (၁၉) ရှိပြီး ယနေ့အထိ စုစုပေါင်းသေဆုံးသူ (၁၈၆၂၂) ဦးရှိကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာ ၂၈ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၄၈၁၀၇၃၁) ခုအား စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၄၉၇၇၀၀) ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။