ဂျကာတာ၊အောက်တိုဘာ ၂၅

Covid-19 ကာကွယ်ဆေးထိုးနှံမှု ၇၀ ရာခိုင်နှုန်းနှင့်အထက်ရှိသော အင်ဒိုနီးရှားနိုင်ငံ၏အစိတ်အပိုင်းများဖြစ်သည့် ဒေသများအတွက် ချမှတ်ထားသော ကန့်သတ်ချက်များ ဖြည်း ဖြည်းချင်း ပြန်လည်ဖြေလျော့ပေးမည်ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက အောက်တိုဘာ ၂၅ ရက် (ယနေ့) ကျင်းပသော အရှေ့တောင်အာရှစီးပွားရေးဖိုရမ်တွင် ပြောကြား ခဲ့ကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် စထရိတ်တိုင်းမ်ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

အရှေ့တောင်အာရှနိုင်ငံများအနေဖြင့်လည်း Covid-19 ပိုးမတွေ့ရကြောင်း စစ်ဆေးခံယူပြီးသူများ၊ ကာကွယ်ဆေး ထိုးနှံပြီးသူများအတွက် ခရီးသွားလာမှုကန့်သတ်ချက်များကို အလားတူဖြေလျော့သင့်ကြောင်း ဂျိုကိုဝီဒိုဒိုက ဆက်လက် ပြောကြားခဲ့သည်။ အနာဂတ်ကျန်းမာရေးအကျပ်အတည်းများအတွက် မိမိတို့ ကြိုတင်ပြင်ဆင် ထားကြရန်နှင့် ဒေသတွင်း ပြုပြင်ပြောင်းလဲရေးများ အရေးကြီးကြောင်း ၎င်းက သတိပေးခဲ့သည်။

ယခုလအစောပိုင်းတွင် အင်ဒိုနီးရှားအစိုးရသည် တရုတ်၊ နယူးဇီလန်နှင့် ဂျပန်တို့အပါအဝင် နိုင်ငံတကာမှ လာရောက်သည့် ခရီးသွားများအတွက် ၎င်း၏ခရီးသွားအချက်အချာနေရာဖြစ်သော ဘာလီကျွန်းကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

ဘာလီကျွန်းရှိ ငုရာရိုင်နိုင်ငံတကာလေဆိပ်ကို အောက်တိုဘာ ၁၄ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ရောက်ရှိလာသော ခရီးသွားဧည့်သည်များကို သီးသန့်စရိတ်ဖြင့် ၈ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်နိုင်ရန် စီစဉ် ပေးခဲ့သည်။ သို့သော် လတ်တလောတွင် ကျွန်းပေါ်သို့လာရောက်သည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ကျဲပါးနေဆဲဖြစ်သည်။

အရှေ့တောင်အာရှတွင် အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ် ဒုတိယသုံးလပတ်တွင် ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးစီးပွားရေးကျဆင်းမှုမှ လွတ် မြောက်လာခဲ့သော်လည်း Covid-19 ဆိုင်ရာ ကန့်သတ်ချက်များ အပြီးသတ် မဖယ်ရှားနိုင်သေး၍ စီးပွားရေးပြန်လည်နာလန်ထူနိုင်ရန် အချိန်ယူရဦးမည် ဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်၌ ပြည်တွင်းတွင် Covid-19 ပိုးတွေ့လူနာအသစ် ၆၂၃ ယောက် တွေ့ရှိခဲ့ရပြီး စုစုပေါင်း ကူးစက်ခံရသူပေါင်း ၄,၂၄၀,၀၁၉ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားကျန်းမားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အင်ဒိုနီးရှားလူဦးရေ၏ ၂၄ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း သိရသည်။