CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂

အမေရိကန်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ ဘီလ်ရစ်ချတ်ဆန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယနေ့ (နိုဝင်ဘာ ၂ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့က “တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေး နေမှုအခြေအနေများ၊ ယခုအခါ ရောဂါကူးစက်မှု နှုန်းကျဆင်းလာပြီ ဖြစ်သဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ အတွက် အမေရိကန်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်”ဟု ဆိုသည်။

ပုံ-၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်က နစကဥက္ကဋ္ဌနှင့် မစ္စတာဘီလ်ရစ်ချတ်ဆန် တွေ့ဆုံစဉ်   

အဆိုပါ တွေ့ဆုံ ဆွေးနွေးရေးတွင် နစကဥက္ကဋ္ဌ၊ ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ခဲ့ ပြီး အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

မစ္စတာဘီလ်ရစ်ချတ်ဆန်သည် အမေရိကန်နိုင်ငံ၏ အောက်လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သည်။ သူအောက်လွှတ် တော် အမတ်အဖြစ် ရှိစဉ် ၁၉၉၄ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိကာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစု ကြည်ကို တွေ့ဆုံခွင့်ရခဲ့သူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ ဘင်္ဂါလီအရေးဖြေရှင်းနိုင်ရေးအတွက် ဖွဲ့စည်းသည့် ရခိုင်အရေးအကြံပေးအဖွဲ့မှာ မစ္စတာဘီလ်ရစ်ချတ်ဆန် ပါဝင် ဆောင်ရွက်ပေးခဲ့သေးသည်။