ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးသင့်ကြောင်း WHO အကြီးအကဲ တီဒရော့ အက်ဒ်ဟနွန်ဂျရီဘရီယဲ့စက်က ပြောကြားခဲ့ပြီး ကာကွယ်ဆေးဖြန့်ဝေရေး မမျှတခဲ့မှုများကို ဝေဖန်ခဲ့သည်။

အထက်ပါ ကျန်းမာရေးဝန်ထမ်း သေဆုံးမှုအရေအတွက်မှာ ယမန်နှစ် ၂၀၂၀ ဇန်နဝါရီလမှ ယခုနှစ် မေလအထိ ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်သည်။

လာမည့်နှစ်တွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိသေး၍ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် လုပ်ဆောင် ကြရန် လိအပ်ကြောင်း WHO ၏ အဆင့်မြင့်အရာရှိတစ်ဦးက အစောပိုင်းတွင် သတိပေးခဲ့သေးသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ထမ်းအင်အားမှာ ခန့်မှန်းခြေ ၁၃၅ သန်းရှိသည်။

“နိုင်ငံပေါင်း ၁၁၉ နိုင်ငံက အချက်အလက်တွေအရ ပျမ်းမျှအနေနဲ့ တစ်ကမ္ဘာလုံး ကျန်းမာရေးဝန်ထမ်း ၅ ဦးမှာ နှစ်ဦးကတော့ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံနိုင်ခဲ့ပါတယ်” ဟု ဒေါက်တာတီဒရော့က ပြောကြားခဲ့သည်။

“ဒါပေမယ့် ဒီ ပျမ်းမျှနှုန်းဟာ ဒေသအလိုက်၊ စီးပွားရေးလုပ်ငန်းစုအလိုက် ကွဲပြားခြားနားမှု မြင့်မားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အာဖရိကတိုက်တွင် ကျန်းမာရေးဝန်ထမ်း ၁၀ ဦးလျှင် ၁ ဦးထက်လျှော့၍သာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံ ပေးနိုင်ခဲ့ရာ ဝင်ငွေမြင့်မားနိုင်ငံများမှ ၁၀ ဦးလျှင် ၈ ဦး ထိုးနှံနိုင်ခဲ့ပုံနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

ဆင်းရဲသောနိုင်ငံများကို ကာကွယ်ဆေးအလုံအလောက်မပေးနိုင်ခြင်းသည် Covid-19 အကျပ်အတည်းကို ၂၀၂၂ ခုနှစ်သို့ အလွယ်တကူဆွဲခေါ်သွားနိုင်ကြောင်း WHO အကြီးတန်းအရာရှိ ဒေါက်တာဘရုစ်အာဝပ်က ပြောကြား ခဲ့သည်။

လက်ရှိကာလအထိ အာဖရိကလူဦးရေ၏ ၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ပြီး အခြားတိုက်ကြီးများတွင်မူ ၄၀ ရာခိုင်နှုန်းအထိ ထိုးနှံနိုင်ခဲ့သည်။

COVID ကာကွယ်ဆေးများကို ဝင်ငွေမြင့်မားသော(သို့မဟုတ်)အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများတွင်သာ သုံးစွဲနိုင်သေးပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစုဝေးရာ အာဖရိကတိုက်တွင် ကာကွယ်ဆေးထိုးနှံနိုင်မှုမှာ တစ် ကမ္ဘာလုံးအတိုင်းအတာ၏ ၂ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိကြောင်း သိရသည်။