CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၃

တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် Sinopharm အမှတ်တံဆိပ်ဖြစ်သည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ၄ သန်း ပဥ္စမအသုတ်အနေဖြင့် အောက်တိုဘာ ၂၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံမှ မှာယူထားသော ကိုဗစ် - ၁၉ ကာကွယ်ဆေးအနက် ပဥ္စမအသုတ်အနေဖြင့် ကာကွယ်ဆေး ၄ သန်း (5 doses Per vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံးရေ ၈ သိန်း ဆေးပုံး အရေအတွက် ၄၀ ပုံး ရောက်ရှိလာခြင်း ဖြစ် သည်ဟု ကျန်းမာရေး၀န်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ မှာယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စက်တင်ဘာ ၁၂ ရက်က ပထမသုတ် အနေဖြင့် ၄ သန်း၊ စက်တင်ဘာ ၂၆ ရက် ဒုတိယအသုတ်အနေဖြင့် ၄ သန်း၊ အောက်တိုဘာ ၂ ရက်က တတိယအသုတ် အနေဖြင့် ၄ သန်း၊ အောက်တိုဘာ ၁၅ ရက်တွင် စတုတ္ထအသုတ်အနေဖြင့် ၄ သန်း စသဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

ပုံ- အောက်တိုဘာ ၂၂ ရက် ရန်ကုန်လေဆိပ်သို့ ရောက်လာသည့် ကိုဗစ်ကာကွယ်ဆေး ၄ သန်းကိုသွယ်နေကြစဉ်

ထို့နောက် ယခု(အောက်တိုဘာ ၂၂ ရက်တွင်) ပဥ္စမအသုတ် အနေဖြင့် ၄ သန်း ရောက်ရှိလာသည့်အတွက် တရုတ် နိုင်ငံမှ မှာယူထားသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး စုစုပေါင်း ၂၀ သန်း ရောက်ရှိပြီးဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်၊ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူဦးရေ စုစုပေါင်း ၁၂ သန်းကို ထိုးနှံပေးထားပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ ၄.၉၈ သန်းရှိကြောင်း၊ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၇.၀၁ သန်းရှိ ကြောင်း ကျန်းမာရေး၀န်ကြီးဌာနက ဆိုသည်။

အောက်တိုဘာ ၂၂ ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၁ ရက် ည ၈ နာရီမှ ၂၂ ရက် ည ၈ နာရီအတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၈၆၃ ခုအား စစ်ဆေးခဲ့ရာ ၉၂၅ ဦး ကိုဗစ်အတည်ပြု လူနာ သစ်အဖြစ် တွေ့ရှိခဲ့သလို ထပ်မံသေဆုံးသူ ၂၆ ဦးရှိကြောင်း သိရသည်။