CNI News
ဘန်ကောက် ဇူလိုင် ၁၀
ညဘက် လမ်းမထွက်ရ(ကာဖြူး)အမိန့် အပါအဝင် တင်းကျပ်သည့် အစီအမံများ ကို ဘန်ကောက်မြို့တော်နှင့်အနီးတဝိုက်ရှိ ပြည်နယ် ၅ ခုတွင် လာမည့် တနင်္လာနေ့မှစ၍ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယင်းသို့ထုတ်ပြန်ရခြင်းမှာ တကျော့ပြန် ကိုဗစ်-၁၉ တားဆီးရန် ထိုင်းအစိုးရ၏ကြိုးပမ်းမှုဖြစ်ကြောင်း ဘန်ကောက်ပို့စ်အွန်လိုင်းသတင်းက ဇူလိုင် ၉ရက် ညနေပိုင်းတွင် ဖော်ပြသည်။
တောင်ဘက်စွန်းပိုင်းတွင် တည်ရှိသည့် နာရာသီဝပ်၊ ပဌာနီ၊ ဆမ်ခလနှင့် ယဲလတို့တွင် ည ၉ နာရီမှ နံနက် ၄ နာရီအထိ အလားတူ အမိန့်သက်ရောက် မည်ဖြစ်ပြီး ရက်သတ္တနှစ်ပတ်ကြာမည်ဟုဆိုသည်။ ဘန်ကောက်မြို့တော်နှင့် အနီးတဝိုက်ရှိ ပြည်နယ် ၅ ခုကို တင်းကျပ်သော အစီအမံများ ချမည်ဖြစ်ပြီး ယင်းပြည်နယ်များမှာ နန်သာဘူရီ၊ ပသန်ဌာနီ၊ နာကွန်ပသွန်၊ စမတ်ပရာကန်နှင့် စမတ်စခွန်တို့ဖြစ်ကြောင်း သိရသည်။
ည ၈ နာရီအထိ လုပ်ငန်းလည်ပတ်ခွင့်ပြုထားသော စူပါမားကက်များမှအပ ဘန်ကောက်ရှိ ကုန်တိုက်အများစုမှာ အဆိုပါ တင်းကျပ်သည့် အစီအမံထဲတွင် အကျုံးဝင်မည်ဖြစ်သည်။ ၎င်းအပြင် ည ၈ နာရီအထိ ဖွင့်လှစ်ခွင့်ပြုထားသော လုပ်ငန်းများ မှာ ဘဏ်များ၊ ဆေးဝါးအရောင်းဆိုင်၊ ဆက်သွယ်ရေးနည်းပညာ ပစ္စည်းဆိုင်နှင့် ကာကွယ်ဆေးဌာနတို့ဖြစ်သည်။
တင်းကျပ်သွားမည့် အစီအမံများအရ ဘန်ကောက်မြို့တော်တွင် စားသောက် ဆိုင်အားလုံး ည ၈ နာရီနောက်ဆုံး ပိတ်ရမည် ဖြစ်ပြီး စီးပွားရေးလုပ်ငန်း အားလုံး နေအိမ်မှနေ၍ work from home လုပ်ရမည်ဖြစ်သည်။
ရောဂါကူးစက်ရန် အလွန်လွယ်ကူ သည့် လုပ်ငန်းများဖြစ်သော အလှပြင်ဆိုင်၊ ရိုးရာအနှိပ်ခန်းအားလုံး ပိတ်ရမည်ဖြစ်ပြီး အများပြည်သူ စီးနင်းသွားလာသော ယာဉ်များ ည ၉ နာရီမှ နံနက် ၃ နာရီအထိ ပြေးဆွဲခြင်းကို တားမြစ်ထားသည်။
ဘန်ကောက်သည် ပြီးခဲ့သည့် ဧပြီလအစောပိုင်းမှ စတင်၍ ကိုဗစ်-၁၉ တတိယ လှိုင်း ရိုက်ခတ်မှုဒဏ် ခံစားခဲ့ရပြီး အိန္ဒိယမှ မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံ ခဲ့ရခြင်းလည်း ဖြစ်သည်။ ယင်းဗိုင်းရပ်စ်သည် မကြာမီ ထိုင်းနိုင်ငံတဝန်းကူးစက် သွားနိုင်သည်ဟု ကျန်းမာရေးအရာရှိများက ပြောထားသည်။
ထိုင်းနိုင်ငံတွင် ဇူလိုင်လ ၇ ရက်က ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၇၅ ဦးအထိ ရှိခဲ့သဖြင့် စံချိန်တင် သေဆုံးမှုဖြစ်ခဲ့သည့် အပြင် ယမန်နေ့ ဇူလိုင်လ ၈ ရက်က လည်း ဒုတိယအများဆုံး ကူးစက်မှုအဖြစ် ၉,၂၇၆ ဦး ပိုးတွေ့ရှိခဲ့သည်။
Source: Bangkok Post