၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၂၆

တိုင်းဒေသကြီး ၃ခုရှိ မြို့နယ် ၆မြို့နယ်အား Stay At Home အစီအစဉ်မှပယ်ဖျက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ယမန်နေ့ (စက်တင်ဘာ ၂၅ရက်) က ထုတ်ပြန် ကြေညာခဲ့သည်။

ထိုမြို့နယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ ကလေးမြို့၊ စစ်ကိုင်းမြို့၊ တမူးမြို့၊ ပဲခူးတိုင်းဒေသကြီးမှ ဖြူးမြို့ နှင့် ပဲခူးမြို့တို့ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှ မြောင်းမြမြို့တို့ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အမိန့်အမှတ်၊ ၄၂၉/၂ဝ၂၁ ဖြင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) အရ အဆိုပါအမိန့်ကိုထုတ်ပြန်ခြင်းဖြစ်ကြောင်နှင့် ထိုမြို့နယ်များအား စက်တင်ဘာ ၂၆ရက် နံနက် ၄နာရီမှ စတင်ကာ Stay At Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ထားသည်။

ထိုမြို့နယ်များအား Stay At Home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုမြို့နယ်များအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များအား တိကျစွာလိုက်နာသောကြောင့် ပြီးခဲ့သည့် ၁၄ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှု လျော့နည်းလာကြောင်း သိရသည်။

ထို့အပြင် ဓာတ်ခွဲအတည်ပြုလူနာများမှာလည်း တစ်ဦးမှ တစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ ရောဂါကူးစက်မှု များပြားသောမြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်များထုတ်ပြန်ကြေညာခဲ့သည်။

စက်တင်ဘာ ၂၅ရက်ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း လေးသိန်းငါးသောင်းကျော်ရှိပြီး သေဆုံးသူဦးရေ စုစုပေါင်း တစ်သောင်း ခုနှစ်ထောင်ကျော်နှင့် ဆေးရုံမှဆင်းခွင့်ရရှိသူ စုစုပေါင်း လေးသိန်း တစ်သောင်းကျော်ရှိကြောင်း သိရသည်။