၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက “အဓိကကတော့ ကျောင်းသူ၊ ကျောင်းသားတွေကို ဦးစားပေးမှာဗျ။ ဒီဟာကလေ ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းတွေပြန်ဖွင့်မယ့်အချိန်မှာ လုံလုံခြုံခြုံ စိတ်ချလက်ချနဲ့ ကျောင်းတက်ရဖို့ပေါ့။ နောက်ဖြစ်ပွားမှုလည်း ကျဆင်းအောင်၊ အဓိကကတော့ ဒီပညာရေးစနစ်ကြီး ပုံမှန်အတိုင်း ပြန် လည် ပတ်နိုင်အောင် ဦးစားပေးတာပါဗျ” ဟု ပြောသည်။

ကာကွယ်ဆေး ထိုးနှံပေးမည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများတွင် မည့်သည့် အသက်အရွယ်အထိ ပါဝင်မည်ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် စိတ်ချက်လက်ချ ပညာသင်ကြားနိုင်ရေးအတွက် ယခုလကုန်အတွင်း ရောက်ရှိမည့် ကိုဗစ်ကာကွယ်ဆေး ၂ သန်းကို ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၄ ရက်၌ ပြုလုပ်သည့် အစည်းအဝေးမှာ ထည့်သွင်းပြောသွားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး အလုံးရေ စုစုပေါင်း ၁၀ သန်းနီးပါး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက “သူ့ဟာနဲ့သူ သတ်မှတ်ချက်တွေရှိတယ်။ ခုနက Sinopharm နဲ့ Sinovac မှာ တောင်မှ Sinovac က ၃ နှစ်ကနေ ၁၇ နှစ်အထိ ထိုးလို့ရတယ်ဆိုတာ ဇွန်လကတည်းက တရုတ်ပြည်က အသိအမှတ် ပြုထားတာတွေလည်း ရှိတယ်။ ကျနော်တို့ဆီကလည်း အဆင့်ဆင့်ဖြတ်ပါတယ်။ ဟိုက ကျန်းမာရေးကနေ ဘယ်အသက် အရွယ်ထိ ထိုးလို့ရတယ်၊ သုတေသနတွေက ဘယ်လိုရှိလဲ၊ နိုင်ငံတကာမှာ ဘယ်လိုထိုးနေလဲ။ ကျနော်တို့နိုင်ငံ FDA ကရော အဲလောက်ထိ ဆေးထိုးမယ့်ကိစ္စကို FDA ခွင့်ပြုတဲ့ကိစ္စကလည်း စနစ်တကျ Review လုပ်ရတာပေါ့နော်။ အဆင့်ဆင့် Technical ရော ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံက ကြည့်ပြီးတော့ Document တွေ အထပ်ထပ်ရတော့မှ ကျနော်တို့ကလည်း ဒီဟာတွေကို EC လိုမျိုး ဆုံးဖြတ်ချက်တွေ အဆင့်ဆင့်နဲ့ ဆုံးဖြတ်ရတာဗျ” ဟု ရှင်းပြသည်။

ယခုနှစ် ကျောင်းဖွင့်ရာသီဖြစ်သည့် ဇွန်လတွင် အခြေခံပညာကျောင်းများအား ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ် ကူးစက်မှုများပြား လာခြင်းကြောင့် ဇူလိုင် ၉ ရက်နေ့က စတင်၍ အောက်တိုဘာ ၂၄ ရက်နေ့အထိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်)ကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ထားသည်။

ရောဂါ ကူးစက်မှု ရာခိုင်နှုန်း ၅ ရာခိုင်နှုန်းအောက် ရောက်ရှိမှသာ စာသင်ကျောင်းများအား ပြန်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး လက်ရှိ တွင် ရောဂါကူးစက်မှုနှုန်းမှာ ၈ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်းတွင်သာ ရှိနေသေးသည့်အတွက် စာသင်ကျောင်းများအား ပြန် လည် မဖွင့်လှစ်သေးခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းများအား ကိုဗစ် ကူးစက်မှု အနေအထား စိတ်ချရမှသာ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် အကယ်၍ ဖွင့်လှစ်မည် ဆိုပါက ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရောဂါကူးစက်မှုနှုန်း ကျဆင်းသည့်အတွက် ရုံးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး ရုံးများအား နှစ်ပတ်တက် နှစ်ပတ်နားစနစ်ဖြင့် စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ပြန်လည်ခွင့်ပြုခဲ့သည်။