ဘေဂျင်း၊ဩဂုတ် ၃၀

တရုတ်အွန်လိုင်းဗီဒီယိုပလက်ဖောင်းများသည် တရုတ်နိုင်ငံ၏နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်သည့် ရှောင်ဝေ့ (Zhao Wei) ပါဝင်သရုပ်ဆောင်ခြင်း (သို့မဟုတ်) ၎င်းစီစဉ်ရိုက်ကူးခြင်းရှိသည့် ရုပ်ရှင်ဇာတ်ကားများကို ဩဂုတ် ၂၇ ရက်က သက်ဆိုင်ရာဥပဒေနှင့်စည်းမျဉ်း မကိုက်ညီကြောင်း အကြောင်းပြပြီး ဖြုတ်ချပစ်ခဲ့ကြောင်း ရိုက်တာ သတင်းကို ကိုးကား၍ Channel News Asia က ရေးသားဖော်ပြသည်။

ထို့ပြင် ရှောင်ဝေ့၏အမည်ကိုလည်း အွန်လိုင်း ဇာတ်ကားစာရင်းများမှာပါ ရည်ရွယ်ချက်ရှိရှိဖြင့် ပယ်ဖျက်ခဲ့သည်။

တရုတ်ပြည်တွင်း ဝင်ရောက်ကြည့်ရှုမှုများပြားသည့် Tencent Video, iQiyi နှင့် Youku စသည့် ဗီဒီယို ပလက်ဖောင်းများက ရှောင်ဝေ့အမည်ပါဝင်သော ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ဇာတ်ကားများ၊ ဗီဒီယိုဖိုင်အတို များနှင့် အရောင်းမြှင့်တင်ရေးကြော်ငြာအစီအစဉ်များ အလုံးစုံကို ဖယ်ရှားခဲ့သည်။

၎င်းပါဝင်ထားသည့် ရှိုးပွဲများရှိ ပြကွက်များကို မူလအတိုင်း ဆက်လက်ထားရှိသော်လည်း ၎င်းပါဝင်ပတ်သက်မှု ဖော်ပြချက်မှန်သမျှကို ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်ဟု Channel News Asia က သတင်းဆက်လက်ဖော်ပြသည်။

ရှောင်ဝေ့သည် ၁၉၉၈ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ တစ်နှစ်ကြာပြသခဲ့သော တရုတ်ရုပ်မြင်သံကြားအစီအစဉ်တစ်ခု ဖြစ်သည့် My Fair Princess ဖြင့် ပြည်တွင်းပရိသတ်များ၏ အထူးအားပေးမှုရရှိခဲ့သူဖြစ်သည်။

တရုတ်နာမည်ကျော်အနုပညာရှင်များသည် အာဏာပိုင်များ မနှစ်မြို့သည့်အခါ(သို့မဟုတ်)လူထုနှင့် ဆန့်ကျင်ဘက်ပြုမိသောအခါ ယခင်ကလည်း အလားတူ ရုတ်တရက်ဖယ်ရှားမှုမျိုး တွေ့ကြုံခဲ့ကြရဖူးသည်။

တရုတ်အစိုးရသည် နာမည်ကျော်များ၏ပရိသတ်အားပေးမှုအချို့ကို ဖရိုဖရဲယဉ်ကျေးမှုဟု ယူဆလျှင် နှိမ်နင်းလေ့ရှိပြီး အနုပညာရှင်များနှင့် အငြင်းပွားစရာ ဆက်တိုက်ဖြစ်ပွားပြီးလျှင် ၎င်းအနုပညာရှင်များအား လူကြိုက်များသည့် စာရင်းမှပျောက်ကွယ်အောင် အနုပညာပလက်ဖောင်းများကို တားဆီးခြင်း၊ ပရိသတ်နှင့် ထိတွေ့လျက် ဝင်ငွေရရှိနေမှုကို ထိန်းချုပ်ခြင်းတို့ ပြုလုပ်တတ်သည်။

ဒါ့အပြင် အန္တရာယ်ရှိသော သတင်းအချက်အလက်များ ဖြန့်ဝေပါက အရေးယူခြင်း၊ နာမည်ကြီးများ၏ အရှုပ်တော်ပုံများကို ပျံ့နှံ့စေလျှင် ကန့်သတ်ခြင်းတို့ ဆက်လုပ်သွားမည်ဟု တရုတ်ထိပ်တန်း အင်တာနက် စောင့်ကြည့်ရေးအဖွဲ့က အတိအလင်းပြောကြားထားသည်။

တရုတ်နိုင်ငံတွင် ဗီဒီယိုဂိမ်းများ၊ သီချင်းများ၊ ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သည့်အကြောင်းအရာအပေါ် တင်းကျပ်သည့်စည်းမျဉ်းများ ချမှတ်ထားပြီး ဆိုရှယ်လစ်တန်ဖိုးစံနှုန်းကို ချိုးဖောက်သည်ဟု ယူဆသော မည်သည့်အရာကိုမဆို ဆင်ဆာဖြတ်တောက်လေ့ရှိသည်။