လန်ဒန် ဩဂုတ် ၂၉

ဗြိတိန်နိုင်ငံ၊ အင်္ဂလန်အနောက်ပိုင်း၊ ဝါးရစ်ရှက်ခရိုင်မြို့နေ ဗြိတိန်လူမျိုးမိသားစုတစ်စုသည် ၎င်းတို့အိမ်နောက်ဖေးသို့ ကမ္ဘာကျော်မင်းသားကြီး တွမ်ခရုစ် ယခုရက်သတ္တပတ်အစောပိုင်းက ရဟတ်ယာဉ်ဖြင့် ဆင်းသက်လာပြီး အံ့ဩဖွယ် လာရောက်လည်ပတ်ခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း စင်ကာပူထုတ် စထရိတ်တိုင်းမ်သတင်းစာ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဘာမင်ဟမ်မြို့တွင် ‘Mission Impossible’ ဇာတ်ကား၏ သတ္တမအပိုင်းရိုက်ကူးနေသည့် အသက် ၅၉ နှစ်ရှိ မင်းသားကြီးသည် ရဟတ်ယာဉ်စီးနင်းလာစဉ် ဝါးရစ်ရှက်ခရိုင်ရှိ ကွန်ဗင်ထရီးလေဆိပ် ခေတ္တပိတ်ထားကြောင်း သိရှိရပြီးနောက် နီးစပ်ရာသို့ အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။

လေဆိပ်ပိတ်ထားသဖြင့် အမျိုးအမည်မသိ အရေးကြီးပုဂ္ဂိုလ်တစ်ဦး၏ရဟတ်ယာဉ် မိမိတို့နေအိမ်အနီးတဝိုက် တစ်နေရာရာသို့ အရေးပေါ်ဆင်းသက်ရမည်ဟု ကြိုတင်သတင်းကြားသိရကြောင်း သူမအဖော်ဖြစ်သူ၊ ကလေးများနှင့်အတူ နေထိုင်သော မစ္စအဲလီဆန်ဝက်ဘ်၏အဆိုအရ သိရသည်။

“ခြံထဲကို ရဟတ်ယာဉ်ဆင်းလာတာကို ကလေးတွေ အေးအေးဆေးဆေး ကြည့်လိုက်ရတယ်လို့ ကျမထင်ပါတယ်” ဟု မစ္စအဲလီဆန်ဝက်ဘ်က ဘီဘီစီသတင်းဌာနသို့ ပြောသည်။

“တွမ်ခရုစ်က ရဟတ်ဆင်းလာပြီးတော့ အပြင်ဘက်လမ်းထွက်လျှောက်တယ်။ အံ့ဩစရာကြီးရှင့်။ ကလေးတွေကိုလည်း စကားတွေ ပြောသွားသေးတယ်။ ကျမတို့ကို သူ့တံတောင်နဲ့ ထိပြီး ကျေးဇူးအများကြီးတင်ပါတယ်တဲ့” ဟု မစ္စအဲလီဆန်ဝက်ဘ်က ရှင်းပြသည်။

မီဂါစတားမင်းသားကြီးက မစ္စဝက်ဘ်တို့မိသားစုနှင့် ဓါတ်ပုံတွဲရိုက်ပြီး ပရိသတ်များကို အွန်လိုင်းမှာ ပို့စ်တင်ပြီး ၎င်း၏ဖြစ်စဉ်ကို အသိပေးလိုက်ကြောင်း၊ ကလေးများကို ရဟတ်ယာဉ်ပေါ် တက်ကြည့်ဦးမလားဟု မေးမြန်းခဲ့သေးကြောင်း စထရိတ်တိုင်းမ်သတင်းစာက ဆက်လက်ရေးသားသည်။

ယင်းနောက် တွမ်ခရုစ်သည် သူ အစည်းအဝေးတက်နေစဉ်အတွင်း မစ္စဝက်ဘ်တို့မိသားစုကို ရဟတ်ယာဉ်ပေါ်တင်ခေါ်ပြီး အနီးအနား လိုက်လံပျံသန်းပြသရန် ရဟတ်ယာဉ်မောင်းသူအား စေခိုင်းခဲ့သည်။

“ကျမအတွက် မယုံနိုင်စရာ နေ့တစ်နေ့ပါပဲ။ စိတ်ကူးယဉ်ဆန်လွန်းတယ်။ အခု ကျမ မယုံနိုင်သေးဘူးဖြစ်နေတယ်” ဟု မစ္စဝက်ဘ်က ပြောသည်။