CNI Entertainment News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

(၉၄)ကြိမ်မြောက် အော်စကာဆုပေးပွဲအခမ်းနားမှာ မင်းသားကြီး ဝီလ်စမစ်က အစီစဉ်တင်ဆက်သူကို ပါးရိုက်ခဲ့တဲ့အပေါ် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပြန်လည်ရေးသား တောင်းပန်လိုက်ပါတယ်။

"မနေ့ညက အကယ်ဒမီဆုပေးပွဲမှာ ကျနော့်ရဲ့ အပြုအမူက လက်ခံနိုင်စရာမရှိသလို ခွင့်လွှတ်လို့ မရပါဘူး။ ဟာသက အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့်လည်း Jada ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဟာသတစ်ခုက ကျနော့်အတွက် သည်းမခံနိုင်လောက်အောင်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရ တုံ့ပြန်ခဲ့တယ်"လို့ ရေးသားထားတာပါ။

ပါးရိုက်ရတဲ့အကြောင်းကတော့ အစီစဉ်တင်ဆက်သူဖြစ်တဲ့ ခရစ်စ်ရော့ခ်ဟာ ဝီလ်စမစ်ဇနီးဖြစ်သူရဲ့ ကတုံးဆံပင်ပုံစံကို ဟာသလုပ်ခဲ့တဲ့အတွက်ကြောင့်ပါ။

ဝီလ်စမစ်ရဲ့ ဇနီးကို မင်းသမီး ဒယ်မီမိုး ကတုံးဆံပင်နဲ့ ရိုက်ခဲ့တဲ့ G.I. Jane ရုပ်ရှင်မျိုး နောက်တကား ရိုက်ရင် ပါဝင်သရုပ်ဆောင်လို့ ရပြီဆိုပြီး ခရစ်ရော့ခ်က ပြောလိုက်တာကြောင့် ဝီလ်စမစ်က စင်ပေါ် တက်ပြီး ပါးရိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး မင်းသားကြီး ဝီလ်စမစ်က "ငါ မင်းကို လူသိရှင်ကြား တောင်းပန်ချင်ပါတယ် ခရစ်စ်။ ငါရှက်တယ် ငါ့လုပ်ရပ်တွေက ငါဖြစ်ချင်တဲ့လူကို ညွှန်ပြနေတာမဟုတ်ဘူး။ ချစ်ခြင်းမေတ္တာနဲ့ ကြင်နာမှု ကမ္ဘာမှာ အကြမ်းဖက်မှုအတွက် နေရာမရှိဘူး။ အကယ်ဒမီ ၊ အစီအစဉ်ထုတ်လုပ်သူတွေ ၊ တက်ရောက် လာသူတွေနဲ့ ကမ္ဘာတဝှမ်းက ကြည့်ရှုသူအားလုံးကို တောင်းပန်ပါတယ်" ဆိုပြီး ရေးသားထားတာပါ။

မင်းသားကြီး ဝီလ်စမစ်ရဲ့ ဇနီးဟာ ဆံပင်ပြန်မပေါက်တဲ့ရောဂါကို ခံစားနေရတဲ့အတွက်‌ကြောင့် အခုလို ကတုံးဆံပင်ပေါက်ပုံစံဖြစ်နေတာလည်း ဖြစ်ပါတယ်။

ဝီလ်စမစ်ဟာ (၉၄)ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ King Richard ဇာတ်ကားနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။