CNI International News

မက္ကစီကိုစီးတီး၊ ဒီဇင်ဘာ ၁၇

မက္ကစီကိုနိုင်ငံ၊ မိုရီလို့စ်ပြည်နယ်ရှိ ဘောလုံးသင်တန်းကျောင်းမှ ၁၁ နှစ်အရွယ် သားငယ်ကို ကြိုရန် စောင့်ဆိုင်းနေရင်း မက္ကစီကို ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်ဖြစ်သူ တီနီယာမန်ဒိုဇာသည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

တီနီယာမန်ဒိုဇာသည် ဒီဇင်ဘာ ၁၄ ရက်က ဘောလုံးသင်တန်းကျောင်းရှိရာ အားကစားရုံအပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီး အခြားကလေးမိဘများနှင့်အတူ သားဖြစ်သူကို စောင့်ဆိုင်းနေစဉ် မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လက်နက်ကိုင်နှစ်ဦး ရောက်ရှိလာခဲ့သည်။ ၎င်းတို့ထဲမှ တစ်ဦးသည် ထွက်မပြေးမီအထိ တီနီယာမန်ဒိုဇာကို အကြိမ်ကြိမ် ပစ်ခတ်ခဲ့သည်။ 

ယမန်နှစ်က မက္ကစီကိုနိုင်ငံအတွင်း နေ့စဉ် အမျိုးသမီး ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း တရားဝင်ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

သေဆုံးခဲ့သူ ၉၄၀ ဉီးသည် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှု (သို့မဟုတ်) ရည်ရွယ်ချက်ရှိရှိဖြင့် သတ်ဖြတ်ခံခဲ့ရသူများ ဖြစ် ကြောင်း၊ ထိတ်လန့်စရာ အကြမ်းဖက် ကူးစက်ပျံ့နှံ့မှုဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိ မန်ဒိုဇာသည် La Mera Reyna del Sur ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင် သရုပ် ဆောင် ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် တရှိန်ထိုး အောင် မြင်ကျော်ကြားလာခဲ့သည်။ ရုပ်သံဇာတ်လမ်းတွဲများလည်း ရိုက်ကူး ခဲ့ရပြီး မကြာသေးမီ နှစ်အတွင်းက အဆိုတော်တစ်ဦးအဖြစ် တေးအယ်လ်ဘမ် ၅ ချပ် ထွက်ရှိခဲ့သည်။

ပုံ- တီနီယာမန်ဒိုဇာကို ပစ်သတ်သွားသည့် နေရာကို ရဲတပ်ဖွဲ့စစ်ဆေးနေစဉ်။

၂၀၁၀ ပြည့်နှစ်က ၎င်းတို့ဇနီးမောင်နှံ ကားရေဆေး လုပ်ငန်းလုပ်ကိုင်နေစဉ် ခင်ပွန်း၊ ၆ လအရွယ် သားဖြစ်သူနှင့်အတူ မိသားစုလိုက် ပြန်ပေးဆွဲခံခဲ့ရသည်။ ထိုဖြစ်စဉ်နောက်ပိုင်း မန်ဒိုဇာသည် မိုရီလို့စ်ပြည်နယ် ရှေ့နေချုပ်ရုံးသို့ အသက်အန္တရာယ် ခြိမ်းခြောက်မှုအတွက် အကြိမ်ကြိမ် တိုင်ကြားခဲ့သည်။

ယခု လတ်တလော မန်ဒိုဇာ အသတ်ခံခြင်း၏ နောက်ကွယ်၌ မည်သူမည်ဝါရှိသလဲ (သို့မဟုတ်) အခင်းဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးပေ။ ပစ်သတ်ခံရပြီးနောက် ရဲတပ်ဖွဲ့များက သံသယရှိသူများကို ရှာဖွေဖမ်းဆီးရန် လုပ်ဆောင် ခဲ့သော်လည်း တစ်စုံတစ်ဦးကိုမှ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရှေ့နေချုပ်ရုံးမှ ထုတ်ပြောခြင်း မရှိသေးသော်လည်း ရာဇဝတ်မှု အဖြစ် ဆက်လက် စုံစမ်းစစ်ဆေးသွားမည်ဟု ၎င်းရုံးက Efe သတင်းဌာနသို့ ပြောသည်။

မက္ကစီကိုနိုင်ငံတွင် မူးယစ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှု၊ ရာဇဝတ်မှုများ ဖြစ်ပွားမှုများ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အမျိုးသမီးများကို ပစ်မှတ်ထား သတ်ဖြတ်မှုများမှာ အသိပညာပေး လှုပ်ရှားခြင်း ရှိသော်လည်း အာဏာပိုင်များက ထိထိ ရောက်ရောက် တားဆီးနိုင်ခြင်း မရှိသေးပေ။

ယင်းရာဇဝတ်မှုများသည် စုံစမ်းစစ်ဆေးရန် ခဲယဉ်းပြီး ကျူးလွန်သူ အများစုကို ပြစ်ဒဏ် မချမှတ်နိုင်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့သည်။

 Source: BBC