လောင်းကစားဥပဒေကို ပထမဆုံးအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၅ ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း ဆိုသည်။

ယင်းပြင်ဆင် ပြဋ္ဌာန်းသည့် ဥပဒေ၏ ပုဒ်မ ၂ ပုဒ်မခွဲ (ည)တွင် ထီဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြီးမှုူးဖွင့်လှစ်သော အောင်လံလွှင့်ချီ နွေဦးထီကို ဆိုလို ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် လက္ကားထီလုပ်ငန်းရှင်ကြီးများ အနေနှင့် နစက(မူရင်း-စစ်ကောင်စီ)၏ တရားမဝင် လောင်းကစားဖြစ်သည့် အောင်ဘာလေထီ လက်မှတ်များ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းကို မပြုကြရန် သတိပေးတားမြစ်ကြောင်း ကြေညာထားသည်။

ပြည်တွင်းထီလုပ်ငန်းရှင်တစ်ဦးက “ထီလုပ်ငန်းက ဖျက်သိမ်းလို့လည်း မရဘူး။ ယိုးဒယားထီလည်း ဖျက်သိမ်းလို့ မရသလို၊ စင်ကာပူထီလည်း ဖျက်သိမ်းလို့ မရဘူး။ ထီမပြောနဲ့ နှစ်လုံးသုံးလုံးတောင် ဖျက်သိမ်းလို့ ရလို့လား။ ပြောချင်ရာ ပြောပေါ့နော်။ လောလောဆယ် စားဝတ်နေရေးအတွက်က အရေးကြီးတာကိုး။ မရောင်းနဲ့ဆိုလည်း ရောင်းရတယ်။ မရောင်းရင် အဲ့ပိုက်ဆံ ပေးမှာလား။ အဲ့လိုကျတော့လည်း ပြောရင် မကောင်းဘူးလေ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ပုံ- ထီရောင်းဆိုင်တစ်ခုကိုတွေ့ရစဉ်(fb)

ထီလုပ်ငန်းရှင်များအနေနှင့် ဆိုင်ခန်းငှားခနှင့် ဝန်ထမ်းစရိတ်ကုန်ကျမှုများ ရှိသည့်အတွက် ယခင်ကဲ့သို့ ဝင်ငွေမရရှိ သော် လည်း လုပ်နေကျ အလုပ်ကိုသာ ဟန်ပြအနေဖြင့် ဆက်လက်ရပ်တည်နေရသည့် အနေအထားဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။

“ကျနော်တို့ ထီလုပ်ငန်းက ဘယ်အစိုးရတက်တက် ဒါက ဒါပဲ။ အမှန်က ဈေးရောင်း၊ ဈေးဝယ်ပဲ နိုင်ငံတော်ရဲ့ ထီကို ယူရောင်း တာပေါ့။ NUG ထီ ရောင်းလို့ရရင် NUG ရဲ့ ထီယူရောင်းမှာပဲ။ စင်ကာပူထီရလည်း ရောင်းမှာပဲ။ ထိုးတဲ့သူရှိ ရောင်းမှာပဲ။ မြဝတီတို့ ဘာတို့ဆိုရင် ယိုးဒယားထီဆို ဆိုင်မှာချိတ်ရောင်းနေတာ ရှိတာပဲ။ ထီသမားကတော့ ဘာပဲဖြစ်ဖြစ် ထီပဲရောင်းမှာပဲ။ ယိုးဒယားထီက တရားမဝင်ဘူးဆိုပေမယ့် အခုဆိုင်ပေါ်တောင် တင်ရောင်းနေတာပဲ အွန်လိုင်းမှာလဲ တွေ့တာပဲလေ”ဟု ၎င်း က ပြောပြသည်။

လက်ရှိ အခြေအနေသည် စီးပွားရေးကျပ်တည်းမှုက လုံးလည်လိုက်နေသည့် ကာလဖြစ်ပြီး ထီအရောင်းဆိုင် လုပ်ငန်းများ အနေနှင့် ဟန်ပြသဘောဖြစ်ကြောင်း၊ လစဉ် ထီရောင်းအားမှာ ဆိုင်လခပင် အပြန်မရသည့် အခြေအနေရှိကြောင်း ထီလုပ်ငန်း ရှင်များ ထံက သိရသည်။

အဆိုပါ တားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်သည့် ထီလုပ်ငန်းရှင်ကြီးများကို တည်ဆဲဥပဒေနှင့် အညီအရေးယူ ဆောင် ရွက်သွားနိုင်ရေးအတွက် NUG အစိုးရက ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် ညှိနိူင်းပေါင်းစပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆိုသည်။

CRPH နှင့် NUG မှရောင်းချသည့် အောင်လံလွှင့်ချီ နွေဦးထီအတွက် တရားမဝင် ငွေလွှဲပြောင်းမှုများကို သေချာစွာ စောင့် ကြည့် ကြီးကြပ်ရန်နှင့် တွေ့ရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် တို့ထံသို့ အကြောင်းကြားရန် နစက-က ပြီးခဲ့သည့် ရက်ပိုင်းက ကြေညာထားသည်။

ထိုသို့ အကြောင်းကြားရန် ပျက်ကွက်ပါက ဗဟိုဘဏ်မှ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေး ဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြင့် အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။

#NUG #နစက #ထီ #ထီလုပ်ငန်းရှင် #စီးပွားရေး #ပြည်သူလူထု #အရေးယူ #CNImyanmar #cninews #ChannelNewsIndependent