CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၁

ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းနှင့် ရေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်စေရေးအတွက် အင်အားဖြည့်တင်းရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မှာယူတည်ဆောက်ခဲ့သည့် 5000 BHP, 65 BPT, 34M, ASD Tug တွန်း/ဆွဲရေယာဉ်အသစ် ၂ စီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ သင်္ဘောများကို မှာယူခဲ့ခြင်းမှာ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်၊ထွက်သွားလာနေကြသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ် သင်္ဘောကြီးများအား တွန်း/ဆွဲ လုပ်ငန်းဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာဖြင့် ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် အင်အားဖြည့်တင်းရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Union Resources & Engineering Co., Ltd. (UREC)မှ မှာယူတည်ဆောက်ခဲ့သော နည်းပညာမြင့်မားသည့် 5000 BHP, 65 BPT, 34M, Azimuthing Stern Drive (ASD) Tug တွန်း/ဆွဲ ရေယာဉ်များ ဖြစ်သည်။

ပုံစာ- ဆင်မင်း-၁ နှင့် ဆင်မင်း-၂ ဟုခေါ်သည့် တွန်း/ဆွဲရေယာဉ်အသစ် ၂ စီး

ရေယာဉ် ၂ စီးကို စင်ကာပူအခြေစိုက် Sea Tech Solutions International Pte., Ltd. မှ တာဝန်ယူ ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ဂျပန်နိုင်ငံ၏ Class NK မှ ရေယာဉ်ဒီဇိုင်း၊ Technical Specificationနှင့် တည်ဆောက်မှုတို့အပေါ် စမ်းသပ်စစ်ဆေး အတည်ပြု ထားသည့် အသိအမှတ်ပြုလက်မှတ်များရယူ၍ တရုတ်နိုင်ငံ ကွမ်ကျိုးရှိ Shunhai Shipyards Ltd. မှ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးက ထုတ်ပြန်ထားသည်။

ထို ရေယာဉ်များသည် အလျား ၃၄ မီတာ၊ အကျယ် ၁၁ ဒသမ ၆ မီတာ၊ ရေစူး ၄ မီတာ ရှိပြီး၊ မြင်းကောင်ရေ ၂၅၀၀ BHP စီရှိသော ဂျပန်နိုင်ငံထုတ် Yanmar အင်ဂျင် (၂)လုံးကို တပ်ဆင်ထားပြီး အမြန်နှုန်းအားဖြင့် တစ်နာရီလျှင် ရေမိုင် ၁၂ မိုင်နှုန်း မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သင်္ဘောတည်ဆောက်ရေးကာလမှာ ၁၈ လခန့် ကြာမြင့်ပြီး ၎င်းရေယာဉ် ၂ စီးကို ဆင်မင်း-၁ နှင့် ဆင်မင်း-၂ ဟု အမည် ပေးထားသည်။

#ရေယာဉ်

#မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

#သင်္ဘော

#အင်ဂျင်

#တရုတ်ပြည်သူ့သမ္မတနိုင်ငံ

#ရေကြောင်း

#cninews

#CNIMyanmar

#ChannelNewsIndependent