CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၁

လာမည့် ၂၀၂၃ ခုနှစ်မှ စတင်၍ အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခွင့် ပေးတော့မည်မဟုတ်ပဲ တစ်ဝက်တစ်ပျက် ကုန်ချော (semi-finished )နှင့် ကုန်ချော (Finished ) သစ်ထည်များကိုသာ ပြည်ပသို့ တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ပြောသည်။

သစ်ခွဲသားများ ပြည်ပတင်ပိုခွင့်ကို ခွင့်မပြုတော့ဘဲ သစ်ကုန်ချောနှင့် တစ်ဝက်တစ်ပျက် သစ်ကုန်ချောများ ထုတ်လုပ် တင်ပို့မှုကို လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြီး ကျင့်သုံးဆောင်ရွက်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။

သစ်ကုန်ချောများကိုသာ ပြည်ပတင်ပို့ရန်အတွက် လုပ်ဆောင်ရာတွင် သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သည် အရေးကြီးကြောင်း၊ သစ်တောသယံဇာတကို အခြေခံသည့် စီးပွားရေးလုပ်ငန်းဖြစ်သည့်အပြင် သစ်အခြေခံစက်မှု လုပ်ငန်းများက  နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရေးအတွက် အလွန်အရေး ပါကြောင်း ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ပြောသည်။

လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သစ်တောထွက် ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉၃ သန်းကျော်ရရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ်နှင့် နိူင်းယှဉ်ပါက ၁၉ သန်းကျော် လျှော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်း များတွင် ဖော်ပြထားသည်။

ထို့နောက် ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ သစ်တောဟက်တာ ၁၀ သန်းသည် ၂၅ နှစ်အတွင်း ဆုံးရှုံးခဲ့ပြီး ကမ္ဘာ့ သစ်တော ဆုံးရူံးမှု စာရင်း၌ တတိယ သစ်တောဆုံးရှုံးမှု အများဆုံးနိုင်ငံအဖြစ် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ တရုတ်အပါအဝင် ပြည်ပနိုင်ငံများသို့ ကျွန်းသစ်အလုံးလိုက် တင်ပို့မှုကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်၊ ဧပြီလမှ စတင် ရပ်နားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင်လည်း ပဲခူးရိုးမမှ သစ်ထုတ် လုပ်မှုကို ထပ်မံရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

 

#ဉီးမင်းမင်းဉီး

#သစ်တော

#သစ်တင်ပို့မှု

#ကုန်ချော

#သစ်သား

#ခွင့်မပြု

#ပြည်ပ

#စီးပွားရေး

#CNImyanmar

#cninews

#ChannelNewsIndependent