CNI News

၂၀၂၁ခုနှစ်၊ သြဂုတ် ၂၀ ရက်

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းအား ပြန်လည်ဖွင့်လှစ်ခြင်း မရှိသောကြောင့် ထို ကုန်သွယ်ရေးစခန်းကို မှီခိုလုပ်ကိုင်နေသည့် အလုပ်သမားများမှာ စားဝတ်နေရေး အခက်အခဲများရှိနေကြောင်း သိရသည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ အလုပ်သမားအများစုသည် အစ္စလာမ်ဘာသာဝင်များဖြစ်ကြပြီး အလုပ်သမားဦးရေ ၁၆၀ ကျော်ရှိကာ ကုန်တင်ကုန်ချ အလုပ်ကိုသာ နေ့စား အလုပ်သမားများအဖြစ် လုပ်ကိုင်ကြသည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သည် ဦးမြ (အမည်လွှဲ) “အခက်အခဲနဲ့ပတ်သက်လာရင်တော့ အများကြီးပါ။ သူတို့က ဒီနေ့လုပ်လို့ရရင် ဒီနေ့ပဲ စားရတာ။ မရှိဆင်းရဲသား လုံးဝ မရှိဆင်းရဲသား။ သူတို့ကတော့ ဒုက္ခနဲ့ ရင်ဆိုင်ရတာတော့ သေချာပေါက်ပါ။ သူတို့ တစ်ရက်ကို အလုပ်မထွက်ရင် စားရေးနေရေးတောင်မှ သူတို့ အခက်အခဲရှိတယ်။ ဟိုတစ်ခါ ပိတ်သွားတဲ့အချိန်မှာ သူတို့ပတ်ဝန်းကျင် ဆွေမျိုးသားချင်းတွေဘက်က သူတို့ ချေးပြီးတော့ စားတာတောင်မှ အခုထိ ပြန်မဆပ်နိုင်သေးဘူးလို့ ကြားတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းအား ဇူလိုင် ၁၅ ရက်မှ ၃၁ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ပြည်နယ်ကောင်စီမှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့ လူနာနှင့် သေဆုံးသူများ ရှိနေသေးသည့်အတွက် မည်သည့်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ကို အတိအကျ မပြောသေးကြောင်းနှင့် ထိုအလုပ်သမားများအတွက် ပြည်နယ်ကောင်စီဘက်မှ ထောက်ပံ့ပေးခြင်းမျိုး မရှိကြောင်း သိရသည်။

Photo By Kaung Mrat Naing

မောင်တောမြို့တွင် ကိုဗစ်ကူးစက်မှုနှုန်းမှာ နည်းပါးသည့်အတွက် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းအား ဖွင့်၍ရကြောင်း ကုန်သည် ဦးမြ (အမည်လွှဲ)က ပြောသည်။

ကုန်သည် ဦးမြ (အမည်လွှဲ)က “ကျနော်တို့အမြင် ပြောမယ်ဆိုရင် မောင်တောမှာ ကိုဗစ်-၁၉ ဆိုတာ မရှိသ လောက် အနေအထားမှာ ရှိနေပြီ။ ဖွင့်လို့ရတဲ့ အနေအထားမှာ ရှိတယ်။ ဒါပေမယ့် အစိုးရက ဘယ်လိုစဉ်းစား ထားတယ်။ သူတို့ ဘယ်လို လုပ်မလဲ ဆိုတာကတော့ ကျနော်တို့ မပြောနိုင်ဘူးလေ။ လောလောဆယ် အနေ အထားကို ကြည့်မယ်ဆိုရင် ဖွင့်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ကျနော်တို့ သုံးသပ်ရပါတယ်” ဟု ဆိုသည်။

ကိုဗစ်ဒုတိယလှိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကူးစက်မှုနှုန်း မြင့်မားခဲ့သည့်အတွက် နယ်စပ်ကုန်သွယ် ရေးစခန်းများကို ၂၀၂၀ ခုနှစ် နှစ်လယ်မှ စတင်ပိတ်ထားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှာတော့ ပြန်လည် ဖွင့်လှစ်ခဲ့သည်။

သို့သော် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီး ပြန်လည် ရောက်ရှိလာသည့် စက်လှေသမားများတွင် ကိုဗစ်ပိုး စတင် တွေ့ရှိခဲ့ပြီးနောက်ပိုင်း မောင်တောနယ်စပ် ကုန် သွယ်ရေးစခန်းတွင် ပိုးတွေ့ရှိမှု မရှိတော့ကြောင်း၊ ထို့ကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကို ပြန်လည် ဖွင့်လှစ်ပေးစေလိုကြောင်း ကုန်သည်များနှင့် အလုပ်သမားများက ဆိုသည်။

မောင်တောမြို့နယ်တွင် သြဂုတ် ၁၉ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၆၉ ဦးရှိပြီး သေဆုံးသူ ၁၈ ဦးရှိကာ လက်ရှိ၌ ဆေးရုံတက်နေဆဲ ၁၃ ဦးရှိကြောင်း သိရသည်။

#ရခိုင်ပြည်နယ်
#မောင်တော
#နယ်စပ်ကုန်သွယ်ရေး
#ဖွင့်လှစ်ပေးစေလို
#အလုပ်သမားများ
#စားဝတ်နေရေး
#ခက်ခဲ
#ကုန်သည်
#ပြည်နယ်ကောင်စီ
#ကိုဗစ်၁၉
#ပိုးတွေ့
#စီးပွားရေး
#ကျန်းမာရေး
#CNImyanmar
#cninews
#ChannelNewsIndependent