CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၀
အိန္ဒိယနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံ အဝယ်လိုက်နေခြင်း၊ ပြည်တွင်းရှိ ပဲကုန်စည်ဒိုင်များတွင်လည်း လက်ကျန်နည်းနေသော ကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေး အနည်းငယ် မြင့်တက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မတ်ပဲ တစ်တန်လျှင် ကျပ် ၁၁ သိန်းကျော်နှင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခု ဩဂုတ်လ ၁၉ ရက်၌ ကျပ် ၁၃ သိန်းကျော်အထိ ရောက်ရှိခဲ့သည့်အတွက် ကျပ် ၂ သိန်းကျော် ဈေးမြင့်တက်ခဲ့ ကြောင်း၊ ပဲစင်းငုံ ဈေးမှာလည်း ယခင်လက တစ်တန်လျှင် ကျပ် ၁၁ သိန်းကျော်မှ ယခုလတွင် ကျပ် ၁၂ သိန်းကျော်အထိ မြင့်တက်ခဲ့ခြင်းကြောင့် တစ်တန်လျှင် ကျပ် ၁ သိန်းကျော် မြင့်တက်ခဲ့ကြောင်း ကုန်စည်ဒိုင်စာရင်းများအရ သိရသည်။
ပဲဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာသော်လည်း ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ် အနည်းငယ်သာဖြစ်နေပြီး အိန္ဒိယနိုင်ငံ ပဲခွဲစက်များ၏ ဝယ်လိုအားကတော့ ကောင်းနေဆဲ အခြေအနေဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုအဖွဲ့၊ ဧရာကုန်သွယ်ရေးဗဟိုဌာန (ATC) ကြေညာထားသည်။
ပဲကုန်သည် ဦးသောင်းဉာဏ်က “ဈေးတက်တယ်။ ဒီရက်တော့ ကုလားပဲ အုပ်စုဝင်တွေရော မတ်ပဲရော၊ ပဲစင်းငုံရော၊ နည်း နည်း ပြန်အေးတယ် ပြောတယ်။ ဝယ်လိုအားတက်တယ်။ အခုနောက်ပိုင်းတော့ နည်းနည်း ပြန်အေးလာပြီ။ ဒါကလည်း ဈေးတွေက တောက်လျောက် တက်သွားပြီးတော့မှဖြစ်တာ။ စားတော်ပဲကျတော့လည်း မဝင်တော့ ဈေးတွေကတက်တာ။ မတ်ပဲတို့ ဘာတို့ကျတော့ ဈေးနည်းနည်းပြန်တက်တာပါ” ဟု လက်ရှိ ပဲဈေးကွက်အခြေအနေကို CNI သတင်းဌာနသို့ ပြောပြသည်။
Photo-ATC
လက်ရှိတွင် ပဲဈေးနှုန်းများ တောက်လျောက် မြင့်တက်ထားသည့် ဈေးနှုန်းများနှင့် ဈေးကွက်ဖြစ်နေသော်လည်း အဝယ်တွင် တောင်သူဝယ်လက်နှင့် ကုန်စည်ဒိုင်၌ လက်ကျန်နည်းပါးပြီး အနည်းငယ်သာ အရောင်းအဝယ် ဖြစ်နေကြောင်း ၎င်းက သုံးသပ် ပြောပြသည်။
လက်ရှိအချိန်သည် အိန္ဒိယအစိုးရက မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့ကို ကန့်သတ်ကုန်အဖြစ်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ကင်းလွတ်ခွင့် ပေးထားကြောင်း ကြေညာထားပြီး ၎င်းတို့၏ ပဲခွဲစက်များကလည်း ဝယ်လိုအားကောင်းနေဆဲ အခြေအနေ ဖြစ်သည်။
ထို့ပြင် မြန်မာငွေကျပ် ဈေးနှုန်းကျဆင်းနေခြင်းကလည်း ပဲဈေးနှုန်းများ မြင့်တက်လာရခြင်း၏ အကြောင်းတစ်ခု ဖြစ်နေပြီး လာမည့် စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံအတွင်း ပွဲတော်ရာသီများ စတင်တော့မည် ဖြစ်သဖြင့် ပဲဈေးများ ဆက်လက် မြင့်တက်နေဦးမည့် အခြေအနေရှိကြောင်း ဧရာကုန်သွယ်ရေးဗဟိုဌာန (ATC) က ခန့်မှန်းထားသည်။
သို့သော် အိန္ဒိယအစိုးရက ၎င်းတို့နိုင်ငံ၏ ရာသီဥတု အခြေအနေအရ ပဲစိုက်ဧရိယာများ လျော့နည်းခြင်း၊ စိုက်ဧက ပျက်စီးခြင်း များ ရှိသော်လည်း ယခုနှစ် ပဲထွက်နှုန်းသည် ယခင်နှစ်ထက် အနည်းငယ် ပိုသာနိုင်ကြောင်း အချက်အလက်များနှင့် တစ်ကွ ထုတ်ပြန် ထားသောကြောင့် ပြည်ပမှ ပဲတင်သွင်းမှုနှင့် ပြည်တွင်း ပဲစျေးနှုန်းများကို ကန့်သတ်ထိန်းချုပ်ရန် မူဝါဒများ ထုတ် ပြန် ကြေညာခြင်း၊ ပဲစျေးနှုန်း အလွန်အမင်း တက်မလာစေရန် ထိန်းညှိခြင်းများကို အိန္ဒိယအစိုးရအနေနှင့် ပြုလုပ်လာနိုင် သဖြင့် မြန်မာမတ်ပဲစိုက် တောင်သူများက သတိထားရန် လိုအပ်ကြောင်း
ATC က အသိပေးထားသည်။
#ဦးသောင်းဉာဏ်
#ပဲကုန်သည်
#တောင်သူ
#မတ်ပဲ
#ပဲစျေးကွက်
#အိန္ဒိယအစိုးရ
#မြန်မာ
#စီးပွားရေး
#CNImyanmar
#cninews
#ChannelNewsIndependent