CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၉

အောင်ဘာလေထီဆုပေါက်သည့် ကံထူးရှင်များကို စက်တင်ဘာလ ၁ ရက်တွင် ဖွင့်လှစ်မည့် ထီမှ စတင်၍ ဆုကြေးငွေ ကျပ်သိန်းငါးထောင် (၅၀၀၀) ကို ကန့်သတ်ချက်မထားဘဲ ထုတ်ပေးသွားမည်ဖြစ်ကြောင်း နစက၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ဩဂုတ်လ ၁၈ ရက်က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာ အောင်ဘာလေထီထိုးသူအရေအတွက် သိသိ သာသာ ကျဆင်းသွားသောကြောင့် ယခင်ကျပ်သိန်း တစ်သောင်းခွဲ (၁၅၀၀၀) မှ လက်ရှိတွင် ကျပ်သိန်း ငါးထောင် (၅၀၀၀) သာပေးခဲ့ပြီး ထီဆုငွေများ ထုတ်ယူရာတွင်လည်း ကျပ်သိန်းငါးရာ (၅၀၀) ကိုသာ တစ်လုံးတစ်ခဲတည်း ထုတ်ပေးပြီး ကျန်ငွေကျပ်သိန်း လေးထောင့်ငါးရာ (၄၅၀၀) ကို တစ်ပတ်လျှင်ကျပ်သိန်းနှစ်ဆယ်နှုန်းဖြင့် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ထီကံစမ်းသူများအနေဖြင့် ဆုမဲအရေအတွက် ပိုမိုခွဲဝေပေးနိုင်ရန်နှင့် ဆုငွေများကို အဆင်ပြေစွာ ထုတ်ယူနိုင် ရေးအတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ရက်တွင် ဖွင့်လှစ်မည့် အကြိမ် ၃၀ မြောက် အောင်ဘာလေထီဖွင့်ပွဲမှ စတင်၍ ထီဆုငွေ ပမာဏအား ထီလက်မှတ်ရောင်းရငွေ စုစုပေါင်း၏ ယခင်က ၆၀ ရာခိုင်နှုန်း ပေးခဲ့သော်လည်း ယခုအကြိမ်တွင် ၇၀ ရာခိုင်နှုန်း ပေးမည်ဖြစ်ပြီး ထီဆုငွေများအားလုံးကိုလည်း ငွေထုတ်ကန့်သတ်ချက် မထားဘဲ အပြည့်အဝ ထုတ်ယူခွင့် ပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်တွင်း ထီလုပ်ငန်းရှင် ဦးဝင်းကို (အမည်လွှဲ) က “အောင်ဘာလေက ပေါက်တဲ့ထီအားလုံးကို ငွေသားထုတ်ပေးတော့မှာ ဖြစ်တယ်။ နောက်ပြီး အရင်က သိန်းတစ်သောင်း (၁၀၀၀၀) ဖိုး ရောင်းရရင် သိန်း ခြောက်ထောင် (၆၀၀၀) ကို ဆုမဲ ပြန်ခွဲပေးတယ်။ အခုက တစ်သောင်း (၁၀၀၀၀) ဖိုး ရောင်းရရင် ခုနစ်ထောင် (၇၀၀၀) ကို ဆုမဲပြန်ခွဲပေးမယ့် သဘောဖြစ်တယ်။ ရောင်းရတဲ့ ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းကို ပေးမှာဖြစ်တယ်။ ထီရောင်းအားကတော့ ကျနေတယ်။ ကိုဗစ်ကာလပြီးတော့မှ နည်းနည်းစောင့်ကြည့်ရမယ်။ ဒါပေမယ့် မလွယ်ပါဘူး။ တော်တော် လုပ်ယူရမယ်။ ထိုးတဲ့သူမှ မရှိတာ” ဟု လက်ရှိ အခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ အောင်ဘာလေထီအနေနှင့် အက္ခရာ ၁၀ လုံးထုတ်ထားသော်လည်း အက္ခရာ ၃ လုံးကုန်အောင်ပင် မနည်း ရောင်းချနေရသည့် အခြေအနေရှိနေပြီး လာမည့်လတွင်လည်း ဖိဖိစီးစီး ရောင်းရင်တောင် အများဆုံး အက္ခရာ ၃၊ ၄ လုံးသာ ရောင်းချနိုင်မည်ဟု ခန့်မှန်းရကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “အက္ခရာ ၁၀ လုံး ထုတ်တာတောင် အခု ဒီလဆိုရင် ၂ လုံးတောင် ရောင်းကုန်မှာမဟုတ်ဘူး။ အပြောင်းအလဲကြောင့် လာမယ့်လဆိုရင်တော့ ၃လုံးလောက်တော့ ရောင်းရမယ်ထင်တာပဲ။ ၁၀ လုံး လုံးရောင်းဖို့တော့ မလွယ်သေးပါဘူး။ ထိုးတဲ့သူ အနည်းအကျင်းလောက်ပဲ ထိုးကြတယ်”ဟု ပြောသည်။

အောင်ဘာလေထီသည် လက်ရှိ နိုင်ငံရေးအပြောင်းအလဲနှင့် ဆက်နွယ်နေပြီး ယခင်က အက္ခရာ အလုံး ၄၀ အထိ ရောင်းချရ သည့် ထီမှ အက္ခရာ အလုံး ၃ လုံး ပြည့်အောင်ပင် မရောင်းရသည့် အနေအထားရှိသည့်အပြင် ထီဆုကြေးမှာလည်း ယခင်က ကျပ်သိန်း တစ်သောင်းခွဲ (၁၅၀၀၀) အထိ ပေးခဲ့ရာမှ ယခုအခါ ကျပ်သိန်းငါးထောင် (၅၀၀၀) က အမြင့်ဆုံးထီဆုကြေး ဖြစ်သည်။

ထို့ပြင် ယခုအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီစဉ်ရောင်းချသည့် အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်လ ၁၅ ရက်က စတင်ရောင်းချသည့်နေ့မှာပင် ထီအစောင်ရေ ငါးသောင်းကို နာရီပိုင်းအတွင်း ကုန်ခဲ့ပြီး ယခုလေးမြောက်နေ့အထိ ထီလက်မှတ်စောင်ရေ နှစ်သိန်း ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

#ထီဆုကြေး

#နစက

# အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

#ထီလုပ်ငန်းရှင် ဦးဝင်းကို

#အောင်ဘာလေထီဆု

#ဘဏ္ဍာရေးဝန်ကြီးဌာန

#cninews

#CNIMyanmar

#ChannelNewsIndependent