"ဝမ်းရေးအတွက် ရန်ကုန်ဘက်မှာ ရုံးပိတ်ရက်လည်း အလုပ်သွားလုပ်ရတယ်။ သင်္ဘောက ရုံးပိတ်ရက်ဆို တစ် နာရီခြား တစ်ကြိမ်ထွက်တော့ အချိန်မှီအလုပ်ကို မရောက်တော့ဘူး။ အဲတော့ အချိန်လုတဲ့အနေနဲ့ ငှက်(သဗ္ဗာန်) စီးသွားရတယ်။ ကုန်ကျစာရိတ် ပိုများသွားတာပေါ့" ဟု ရန်ကုန်မြို့ ၃၇ လမ်းရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် အရောင်း ဝန်ထမ်း လုပ်နေသူ ကိုစည်သူက ပြောသည်။

ကိုဗစ်ကာလအတွင်း ရုံးဖွင့်ရက်တွင် ပန်းဆိုးတန်း-ဒလ သင်္ဘောခရီးစဉ်ကို နာရီဝက်ခြား တစ်ခါ ပြေးဆွဲပေးနေ သော်လည်း ရုံးပိတ်ရက်များ၌ တစ်နာရီခြား တစ်ခါ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် သင်္ဘောစီးနင်းခမှာ တစ်ရာကျပ်ဖြစ်သည်။သို့သော် အလျင်လိုသော ခရီးသည်များသည် ဒေသခံအခေါ် ငှက် (သဗ္ဗာန်)ကို စီးနင်းကြပြီး စီးလုံးငှားစီးပါက ၁၅၀၀ ကျပ် ပေးရကြောင်း၊ စုစီးပါက တစ်ယောက်လျင် ၅၀၀ ကျပ် ကျကြောင်း သိရသည်။

ပြည်သူများက ရုံးပိတ်ရက်များတွင်လည်း ပုံမှန်ရုံးဖွင့်ရက်အတိုင်း ပြေးဆွဲပေးစေလိုသည့်အပေါ် ပြည်တွင်း ရေ ကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရုံးပိတ်ရက်တွင် ခရီးသွားလာမှုနည်းပါးသည့်အတွက် တစ်နာရီ ခြား တစ်ခါ ပြေးဆွဲပေးရခြင်းဖြစ်ကြောင်း ရှင်းပြသည်။

"ရုံးပိတ်ရက်ဆိုတော့ ခရီးသွားလာမှုကနည်းတယ်။ အဲဒါကြောင့် တစ်နာရီခြားတစ်ခါ ပြေးဆွဲပေးတာပါ။ အရင် တုန်းကဆို ခရီးသွားလာတာများတော့ ဆယ့်ငါးမိနစ်တစ်ခါ ပြေးဆွဲပါတယ်။ ကိုဗစ်ကာလမှာတော့ ရုံးဖွင့်ရက်မှာ နာရီဝက်ခြား ပြေးဆွဲပေးနေပါတယ်" ၎င်းက ပြောသည်။

ကိုဗစ်ကာလတွင် ပန်းဆိုးတန်း-ဒလသို့ ပြေးဆွဲနေသော သင်္ဘောမှာ ရုံးပိတ်ရက်လျင် အနည်းဆုံး ခေါက်ရေ အကြိမ် ၂၀၊ ပုံမှန်ရုံးဖွင့်ရက်လျင် ၃၆ ကြိမ်နှင့် ကိုဗစ်မဖြစ်ခင် ကာလတွင် အကြိမ်ရေ ၄၆ ကြိမ်အထိ ပြေးဆွဲခဲ့ ကြောင်း သိရသည်။

#သင်္ဘောခရီး

#ပန်းဆိုးတန်း

#ဒလ

#ပြေးဆွဲ

#ခရီးသည်

#ပုံမှန်ပြေးဆွဲစေလို

#ကိုဗစ်၁၉

#စီးပွားရေး

#CNImyanmar

#cninews

#ChannelNewsIndependent