ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ကဲ့သို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရက်အနည်းငယ်အတွင်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တဟုန်ထိုး တက်သွားခဲ့ပြီး ဘဏ်များ ပိတ်ထားရသဖြင့် အာဖဂန်ပြည်သူ အများစုမှာ သူတို့လက်ထဲ ရှိစုမဲ့စု ငွေများကို ပြန်ထုတ်နိုင်ခြင်းလည်း မရှိပေ။ Western Union ငွေလွှဲလုပ်ငန်းလည်း ပိတ်ထားရပြီး ပြည်ပမှ ငွေလွှဲဝင်ရောက်မှု မရှိသလောက်နည်းပါးနေသည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုကျောထောက်နောက်ခံပေးထားသည့် အစိုးရတစ်ရပ် ပြုတ်ကျ သွားချိန်မှစ၍ ကဘူးလ်လေဆိပ်တွင် ထောင်နှင့်ချီသော အာဖဂန်ပြည်သူများ ဘေးလွတ်ရာထွက်ပြေးရန် လေယာဉ်ထိုင်ခုံများ အသည်းအသန်လုကြသည့် ပုံရိပ်များသည် ကဘူးလ်မြို့တော်၏မတည်ငြိမ်မှုကို အထင်းသားပေါ်လွင်စေခဲ့ကြောင်း ရိုက်တာက ဆက်လက်ရေးသားသည်။

သို့သော် နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ နေ့စဉ်စားသောက်ရေးနှင့် နေထိုင်မှုစရိတ်တို့မှာ အာဖဂန်အတွက် နိုင်ငံတကာအထောက်အပံ့များ ပျောက်ဆုံးသွားပြီဖြစ်၍ ယိုယွင်းနေသော စီးပွားရေးအတွက် မသေချာမရေရာမှု များ ဖြစ်စေခဲ့သည်။

ပုံစာ - တာလီဘန်တပ်ဖွဲ့ဝင်တစ်ဦး ကဘူးလ်မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင်စောင့်ကြည့်နေစဉ်

“ကျနော်လည်း ဘာလုပ်စားရမှန်းမသိဘူး။ ကျနော့်လုံခြုံရေးနဲ့ ရှင်သန်မှုကလည်း ရှိသေးတယ်။ ကျနော့် ကလေး တွေနဲ့ မိသားစုစားဖို့ကလည်း ရှိသေးတယ်” ဟု ယခင်က ရဲလစာ လစဉ် ဒေါ်လာ ၂၆၀ ရရှိခဲ့နေသူ အာဖဂန် ရဲဝန်ထမ်းတစ်ဦးက ရင်ဖွင့်သည်။ ၎င်းသည် သူ့ဇနီးနှင့် ကလေးလေးယောက်ကို သူက ဦးဆောင် ရှာဖွေကျွေးမွေး နေရသည်။

အာဖဂန်နစ္စတန်နိုင်ငံရှိ အစိုးရဌာနအောက်ခြေဝန်ထမ်းများမှာ အလုပ်သာ ဆင်းနေရသော်လည်း ပြီးခဲ့သည့် နှစ်လလုံးလုံး လုပ်ခလစာများ ဟုတ္တိပတ္တိမရခဲ့ပေ။

“ကျနော်က တိုက်ခန်းငှားနေရတာ။ အခန်းပိုင်ရှင်ကိုလည်း ငှားခမပေးနိုင်တာ ၃ လရှိပြီဗျာ” ဟု ၎င်းက ညည်းညူသည်။ ယခုရက်သတ္တပတ်အတွင်း ဇနီးဖြစ်သူ၏ လက်စွပ်နှစ်ကွင်းနှင့် နားကပ်တစ်ရံကို ပြန်ရောင်းဖို့ သူ ကြိုးစားကြည့်သော်လည်း ကဘူးလ်မြို့ရှိ ရွှေဆိုင်များက အခြားလုပ်ငန်းများနည်းတူ ပိတ်ထားကြ၍ ရောင်းစရာဆိုင် ရှာမတွေ့ခဲ့ပေ။ “ကျနော့်မှာ ကူရာကယ်ရာမဲ့ပြီး ဘာရမှန်းတောင် မသိတော့ပါဘူးဗျာ” ဟု အဆိုပါရဲဝန်ထမ်းဟောင်းက ရိုက်တာသို့ ရင်ဖွင့်ပြောကြားခဲ့သည်။

ယခုရက်ပိုင်းများအတွင်း ယခင်ရက်သတ္တပတ်က တာလီဘန်တွေ ကဘူးလ်မြို့တော်ထဲ မဝင်ခင်ကထက် အခြေအနေများ ပိုဆိုးလာခဲ့သည်။ ပြည်နယ်အသီးသီးမှ မြို့ကြီးများတွင်လည်း မတည်မငြိမ်ဖြစ်နေ၍ အာဖဂန်သုံး ငွေကြေးများတန်ဖိုးများကျဆင်းပြီး အမေရိကန်ဒေါ်လာဈေးကစားလျက် အခြေခံစားသောက်ကုန်ဈေးများ မတန်တဆ မြင့်တက်လာနေသည်။

“အကုန်လုံးက ဒေါ်လာအခြေအနေကို ကြည့်ပြီး ဈေးကစားနေတယ်။ တချို့ဆိုင်တွေက ဖွင့်ထားတယ်ဆိုပေမယ့် ဆိုင်ထဲမှာ ဟောင်းလောင်းဖြစ်နေတယ်။ ဘာပစ္စည်းမှ သိပ်မရှိဘူး” ဟု တာလီဘန်ရန်ကို ကြောက်၍ ပုန်းအောင်း နေထိုင်ရသူ ယခင်အာဖဂန်အစိုးရဝန်ထမ်းတစ်ဦးက ပြောပြသည်။

အိမ်နီးချင်းပါကစ္စတန်နိုင်ငံသို့ ကုန်းလမ်းကြောင်းများ ပြန်ပွင့်နေပြီဆိုသော်လည်း အာဖဂန်နိုင်ငံ အနှံ့အပြား တွင်လည်း မိုးခေါင်နေသောကြောင့် ပိုမိုကျပ်တည်းနေပြီး ကျေးလက်နေသူများ မြို့ပေါ်တက်၍ တဲများ၊ ယာယီအမိုးအကာများအောက်တွင် ပြောင်းရွှေ့နေထိုင်ကြရသည်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက အာဖဂန်သို့ စီးပွားရေးလုပ်ငန်းသုံးလေကြောင်း ခရီးစဉ်များ ရပ်ဆိုင်းထားခြင်းကြောင့် ဆေးဝါးနှင့်အခြားအကူအညီပေးနိုင်မည့် နည်းလမ်းမတွေ့ရကြောင်း ဩဂုတ် ၂၂ ရက်၌ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဆယ်စုနှစ်များက မြို့နေလူတန်းစားများ၏ လူနေမှုအဆင့်အတန်းတိုးတက်မှုကို တွေ့မြင်လာကြသော အောက်ခြေလူတန်းစားများသည် ယခုတာလီဘန်များ အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုကျပ်တည်းလာချိန်တွင် မြို့ကြီးများဆီသို့ ဝင်ရောက်ခိုလှုံနေကြောင်း ရိုက်တာသတင်းအရ သိရသည်။

Source: Reuters, Channel News Asia

#အာဖဂန်

#တာလီဘန်

#ကဘူးလ်

#နိုင်ငံတကာ

#ငွေကြေး

#ဘဏ်

#cninews

#CNIMyanmar

#ChannelNewsIndependent