ထိုင်းအစိုးရသည် ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါကာလအတွင်း စီးပွားရေး ကျဆင်းနေခြင်းများအား နလံထူနိုင်ရန် အတွက် အလုပ်သမား လိုအပ်ချက်များကြောင့် ယခုကဲ့သို့ နှစ်နိုင်ငံ သဘောတူစာချုပ် MOU စနစ်ဖြင့် ခေါ်ယူ ငှားရမ်းသွားမှာ ဖြစ်သည်။

ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက “သူတို့က အဲ့ဒါမျိုးတော့ အသေး စိတ် မပြောသေးဘူး။ ဒါပေမယ့် MOU နဲ့ ဒီမှာလာနေပြီးတော့မှ ပြန်သွားတဲ့သူတွေတော့ ပါလိမ့်မယ်ထင်တယ်။ ဦးစားပေးထဲမှာ ပါလိမ့်မယ်။ MOU ဆိုတဲ့ သဘောအရက အေဂျင်စီတွေနဲ့ပဲ ဆက်စပ်ပြီး လုပ်တာမလား။ သက်ဆိုင်တဲ့ အစိုးရတွေကနေ။ ဆိုတော့ အေဂျင်စီမှာ စာရင်းတင်ထားပြီးသား အလုပ်သမားတွေ လူသစ်ရော၊ လူဟောင်းတွေရော။ ဒီဘက်ဟိုဘက် အေဂျင်စီတွေကလည်း ချိတ်ဆက်ထားတာဆိုတော့ လူဟောင်းတွေ ပြန်ပါ မယ် ထင်တယ်” ဟု ပြောသည်။

သို့သော် မည်သည့်ရက် မည်သည့်အချိန်တွင် ခေါ်ယူမည်ဆိုသည်ကိုတော့ဖြင့် ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

MOU တွင် အလုပ်သမားတစ်ဦးလျှင် ကုန်ကျစရိတ် မည်မျှဆိုသည်အား သတ်မှတ်ထားသော်လည်း ယခုကာလ သည် ကိုဗစ်ကာလဖြစ်သည့်အတွက် လမ်းစရိတ်၊ သီးခြားနေထိုင်စရိတ်၊ ဆေးစစ်စရိတ် စသည်တို့ ကုန်ကျ စရိတ်များပါလျှင် အလုပ်သမားတစ်ဦးအနေဖြင့် ပေးရမည့် ငွေပမာဏမှာ များသွားနိုင်ကြောင်းနှင့် မည်မျှကုန်ကျ မည်အား တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် ယခုကဲ့သို့ အလုပ်သမားများအား ခေါ်ယူခြင်းသည် မဖြစ်နိုင်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် လက်ရှိ လုပ်ကိုင်နေသည့် တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများအား တရားဝင်ဖြစ်အောင် လုပ်ပေးခြင်းသည် ပို အဆင်ပြေကြောင်း မဟာချိုင်အခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေး (AAC) မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

(AAC) မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကြီးက “လက်ရှိအစိုးရအနေအထားနဲ့ Free call ဆိုရင်တော့ ရရင်ရမယ်။ အလုပ်သမားတွေဆီက ပိုက်ဆံတောင်းမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ကတော့ ခန့်မှန်းတာပေါ့။ အလုပ်သမားတွေမှာ ငွေမရှိလေ။ အေးဂျင့်တွေကလည်း ဒီနိုင်ငံကိုလာဖို့က အရင်ကထက် အများကြီးကုန်တယ်။ စာချုပ်ချုပ်တဲ့ အပိုင်းတွေကျတော့လည်း ထိုင်းဘက်က လုပ်ငန်းရှင်တွေကလည်း သွားရတယ်။ မြန်မာဘက်က လုပ်ငန်းရှင်တွေကလည်း လာရတယ်ဆိုတော့ ဝန်ဆောင်မှုတွေ အရမ်းများပြီးတော့ ထိုင်းအစိုးရဘက်ကတော့ အလကားထုတ်ပေးဖို့ မရှိဘူး” ဟု ပြောသည်။

MOU နှင့်ခေါ်ယူမည့် အလုပ်သမားများအတွက် အလုပ်အကိုင် အမျိုးအစား သတ်မှတ်ထားကာ ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းများ၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးတို့အပြင် ဝန်ဆောင်မှုပိုင်းနှင့်ဆိုင်သည့် လုပ်ငန်းများတို့ တွင် အလုပ်လုပ်ကိုင်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများတွင် တရားဝင် အထောက်အထားရှိပြီး သက်တမ်း ကုန်နေသူများရှိသကဲ့သို့ အထောက်အထား တစ်စုံတစ်ရာမရှိသည့် သူများလည်း ရှိသည်။

တရားဝင် အထောက်အထားရှိပြီး သက်တမ်းကုန်နေသူများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ချက် အား စောင့်သင့်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက ဆို သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော်ခန့်ရှိပြီး တရားမဝင် အလုပ်သမား တစ်သန်းကျော် ရှိကြောင်း သိရသည်။

#ထိုင်း
#မြန်မာ
#အလုပ်သမားခေါ်ယူ
#MoU
#ကိုဗစ်၁၉
#စီးပွားရေး
#CNImyanmar
#cninews
#ChannelNewsIndependent