CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၆
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က “အောင်လံလွှင့်ချီ နွေဦးထီ" အမည်ဖြင့် ဖွင့်လှစ်ရောင်းချမည့် အစီအစဉ်တွင် ပုဂ္ဂလိကဘဏ်များ၌ ဖွင့်လှစ်ထားသော ငွေစာရင်းများနှင့် တရားဝင်ခွင့်ပြုထားသော ပြည်တွင်း ငွေလွှဲလုပ်ငန်းများ၏ ဘဏ်ငွေစာရင်းများအား အသုံးပြု ဆောင်ရွက် လာပါက လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ရေး ဗဟိုဘဏ်က ဘဏ်များသို့ ညှိနှိုင်း အကြောင်းကြား လာကြောင်း သိရသည်။
NUG ၏ “အောင်လံလွှင့်ချီနွေဦးထီ”ကို ဩဂုတ် ၁၅ ရက်နေ့ ညနေပိုင်းက စတင်ရောင်းချခဲ့ပြီး ယင်းနေ့ တစ်ရက်တည်းမှာပင် သတ်မှတ်ထားသည့် ထီအစောင်ရေ ၅ သောင်းအထိ ရောင်းခဲ့ရကြောင်း NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ NUG ၏ နွေဦးထီမရောင်းချခင် ဩဂုတ် ၁၄ ရက်နေ့ကလည်း အောင်ဘာလေထီဌာန၏ စီမံညွှန်ကြားရေးမှူး ဦးညီညီလှိုင်က အွန်လိုင်းကနေ တရားမဝင် ထီထိုးသူများ၏ ဘဏ်အကောင့်များကို ပိတ်သိမ်းသည်အထိ အရေးယူနိုင် ကြောင်း နစက၏ မြန်မာ့အလင်းသတင်းစာမှ တဆင့် ပြောထားသည်။
နွေဦးထီထိုးသည့် ပြည်သူတစ်ဦးက "ထီထိုးတာက တစ်ဖက်တစ်လမ်းက နေလှူဖို့ထိုးတာ။ မနေ့ကဆိုရင် ထီထိုးတဲ့သူများလို့ ဝင်လို့ မရတာတောင်ဖြစ်တယ်။ သူတို့ရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေ ပေမယ့်လည်း အခုခေါတ်က နည်းပညာနဲ့ဆိုတော့ ထိုးတာကတော့ ထိုးမှာပဲ”ဟု ပြောသည်။
ဗဟိုဘဏ်က တရားမဝင် ထီလုပ်ငန်းသည် နိုင်ငံတော်မှ တရားဝင်ဖွင့်လှစ်လျက်ရှိသော အောင်ဘာလေထီကဲ့သို့ လုံခြုံမှု အဆင့်အတန်း ပါရှိသည့် စာရွက်စာတမ်းများ အသုံးပြုပုံနှိပ်၍ သိုလှောင်ဖြန့်ဖြူးရန် အခက်အခဲရှိခြင်း၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု အခက်အခဲများနှင့် အခြား လိုအပ်ချက်များကြောင့် Paper, Lottery စနစ် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ Online မှ တဆင့် ထီရောင်းချခြင်းနှင့် ဆုငွေထုတ်ပေးခြင်းတို့ကို ပုဂ္ဂလိကဘဏ်များ၏ Online Banking စနစ်ကို အသုံးပြု၍ ဘဏ် စာရင်းများ အချင်းချင်း ပြည်တွင်း ငွေလွှဲပေးချေမှုများ Digital Payment နှင့် Mobile Financial Service Provider (MFS) များအား အသုံးပြု၍ လွှဲပြောင်းပေးချေမှုများ ဆောင်ရွက်လာနိုင်ပါကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။
သို့ဖြစ်ပါ၍ ဘဏ်များ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ (ငွေရေးကြေးရေး ကုမ္ပဏီများ) နှင့် မိုဘိုင်းငွေရေး ကြေးရေး ဝန်ဆောင်မှု ပေးသူများအနေဖြင့် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဘဏ်များ၏ နေ့စဉ်ငွေလွှဲပြောင်း ဆောင်ရွက်ခြင်း တွင် ငွေလွှဲပြောင်းပေးချေရသည့် အကြောင်းအရင်း အပြည့်အစုံ၊ ငွေလွှဲသူစာရင်း အမှတ်လက်ခံသူ စာရင်းအမှတ်၊ ငွေသား ပမာဏ စသည့် အချက်အလက်များ စိစစ်ရန် မည်သည့် Online စနစ်ဖြင့်မဆို ပေးချေမှုများတွင် သတင်းအချက်အလက်များ ပြည့်စုံစွာ ထည့်သွင်းရန် ဗဟိုဘဏ်က ညွှန်ကြားထားသည်။
အထူးသဖြင့် CRPH နှင့် NUG မှရောင်းချသည့် အောင်လံလွှင့်ချီ နွေဦးထီအတွက် တရားမဝင်ငွေလွှဲပြောင်းမှုများကို သေချာစွာ စောင့်ကြည့် ကြီးကြပ်ရန်နှင့် တွေ့ရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် စသည့် အဖွဲ့အစည်းများထံ အကြောင်းကြားရန် ဖော်ပြထားသည်။
ထိုသို့ အကြောင်းကြားရန် ပျက်ကွက်ပါက ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြင့် အရေးယူမည်ဖြစ်ကြောင်း ဘဏ်များအားလုံး၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ (ငွေရေးကြေးရေးကုမ္ပဏီများ) မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများအား အကြောင်းကြားထားသည်ဟု ထုတ်ပြန် ချက်အရ သိရသည်။
#ဗဟိုဘဏ်
#ဘဏ်လုပ်ငန်းများ
#ငွေရေးကြေးရေ
#ထီ
#NUG
#နစက
#တရားမ၀င်
#အောင်လံလွှင့်ချီ
#နွေဉီးထီ
#ငွေကြေးအဖွဲ့အစည်း
#လွှဲပြောင်းမှု
#CNImyanmar
#cninews
#ChannelNewsIndependent