CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၆
ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ် ငါးရက်အတွင်း ရေကြီးမှုများကြောင့် ရခိုင်ပြည်နယ်ရှိ ဒေသ ၁၀ ခုတွင် စပါးစိုက်ဧက ၁၃၀၀၀ ခန့် ရေကြီးနစ်မြုပ် ပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက “ရေကြီးခဲ့တာတော့ ဇူလိုင် ၂၆ ရက်ကနေ ၃၀ ရက်နေ့အထိ ငါးရက်တာအတွင်း ဒေသ ၁၀ ခုမှာ ဧက ၁ သောင်းကျော်လောက် ရေနစ်ပြီးတော့ ပျက်ဆီးခဲ့တာတွေ ရှိတယ်။ ဌာနဆိုင်ရာ တွေကတော့ ရေကြီးနစ်မြုပ်သွားတဲ့ ဒေသတွေကို သွားရောက်ကြည့်ရှုခဲ့တာ ရှိတယ်လို့ သိရတယ်။ ဒါပေမယ့် သူတို့ရဲ့ ဆုံးရှုံး သွားတဲ့ နစ်နာသွားတဲ့ အပိုင်းကို အကူအညီထောက်ပံ့တဲ့ အပိုင်းတော့ မတွေ့ရဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရေကြီးနစ်မြုပ်မှုများကြောင့် ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ သံတွဲ နှင့် တောင်ကုတ်မြို့များရှိ စပါးစိုက်ပျိုးသည့် လယ်ဧကပေါင်း ၃၀၀၀၀ ဝန်းကျင်အထိ နစ်မြုပ်သွားခဲ့ရာ ၁၃၀၀၀ ဝန်းကျင်မှာ ပျက်စီးသွားခဲ့ကြောင်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်သည် အစစအရာရာ ဖွံ့ဖြိုးမှု နောက်ကျသည့် နေရာဖြစ်ခြင်း၊ မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုး စာရိတ် ချေးငွေယူ၍ လုပ်ဆောင်ရခြင်း၊ စိုက်ပျိုးစာရိတ်များ ယခင်နှစ်ထက် ပို၍ ကုန်ကျမှုများလာခြင်းတို့ကြောင့် ယခုကဲ့သို့ စပါး စိုက်ကွင်းများ ရေကြီးနပ်မြုပ်ရခြင်းသည် တောင်သူလယ်သမားများအတွက် အခက်အခဲများ ရှိနေကြောင်း ဉီးကျော်ဇံက ပြောသည်။
“တချို့ဆိုရင် စိုက်ပျိုးစာရိတ်က ချေးငှားပြီးတော့ လုပ်ရတာတွေရှိတယ်။ ဒီလိုရေနစ်ပြီးတော့ ဆုံးရှုံးသွားတဲ့ အခါကျတော့ ပြန်ပြီးတော့ နလန်ထူဖို့ အတွက်ဆိုရင် သူတို့အတွက်က မလုံလောက်ဘူး။ ဒါကြောင့် ဒီအခက်အခဲတွေနဲ့တော့ တချို့ တစ်လေ ကြုံရတယ်”ဟု ၎င်းက လက်ရှိ အခြေအနေကို ပြောပြသည်။
လက်ရှိတွင် စပါးစိုက်ပျိုးရာတွင် အဓိကထား အသုံးပြုရသည့် သွင်းအားစုဖြစ်သော ဓာတ်မြေဩဇာမှာလည်း ယခင်နှစ်က တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ (သုံးသောင်းခွဲ) သာရှိခဲ့ရာ ယခုနှစ်တွင် ကျပ် ၅၀၀၀၀ (ငါးသောင်း) ကျော်အထိ ဈေးမြင့် တက်လာ ခြင်းကလည်း တောင်သူလယ်သမားများအတွက် စိုက်ပျိုးစာရိတ်များ ပိုမိုကုန်ကျကာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ထို့ကြောင့် ရေကြီးနစ်မြုပ်မှု ခံရသော တောင်သူများက သွင်းအားစုဈေးနှုန်းများ မြင့်တက်နေသည့် ဒဏ်ကို ခံရသောကြောင့် အစိုးရမှ လိုအပ်ချက်ရှိနေသော မျိုးစပါး အထောက်အပံ့ ပေးစေလိုသည်ဟု တောင်သူများက ပြောသည်။
“အခုကတော့ တောင်သူတွေက ရတဲ့နည်းနဲ့ ချေးငှားပြီးတော့ စိုက်ပျိုးနေကြတာများတယ်။
နောက်အချိန်ကာလ တစ်ခု ကြာရင်တော့ တစ်ချို့က ဘယ်လောက် ဆုံးရှုံးတယ်။ လယ်ဘယ်လောက်ကို မစိုက်ပဲ စွန့်လွှတ်လိုက်တယ်။ သိရမယ်။ လောလောဆယ်တော့ တိတိကျကျ မသိရသေးဘူး”ဟု ဦးကျော်ဇံက ဆိုသည်။
ယခုနှစ် စပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးစာရိတ် ပိုလာခြင်းမှာ လိုအပ်သော သွင်းအားစုများကို တင်သွင်းရာ၌ နေရာဒေသ အပေါ် မူတည်၍ စာရိတ်ကုန်ကျမှု ကွာခြားသွားခြင်း၊ လယ်ယာလုပ်သား ရှားပါးလာခြင်းတို့ရှိလာကြောင်း၊ ဉပမာအားဖြင့် သံတွဲမြို့ဆိုလျှင် ပြည်မနှင့်နီးသည့်အတွက် သွင်းအားစု စာရိတ်သာသော်လည်း ပြည်မနှင့် ဝေးသည့် ဘူးသီးတောင်မြို့နယ်ရှိ တောင်သူများမှာ ကုန်ကျစာရိတ်ပိုခြင်း စသည့် နေရာဒေသအပေါ် လိုက်၍ ကုန်ကျစာရိတ် ကွာခြားခြင်းများလည်း ရှိကြောင်း သိရသည်။
#ရခိုင်ပြည်နယ်
#စပါးစိုက်ပျိုးရာသီ
#စိုက်ပျိုးစရိတ်
#ဉီးကျော်ဇံ
#ရေကြီးရေလျှံ
#ဆုံးရှုံးမှုများ
#CNImyanmar
#cninews
#ChannelNewsIndependent