CNI International News

မင့်ခ်၊ ဧပြီ ၅

'World of Tanks'၊ 'World of Warships' နှင့် 'World of Warplanes' ကဲ့သို့သော နာမည်ကြီး အွန်လိုင်းစစ်ပွဲဂိမ်းများ ထုတ် လုပ် ဝန်ဆောင်မှု ပေးနေသည့် နည်းပညာစတူဒီယိုဖြစ်သော Wargaming ကုမ္ပဏီသည် ရုရှားနှင့် ၎င်း၏မူလ အခြေစိုက်ရာ ဘယ်လာရုစ်နိုင်ငံများတွင် လုပ်ငန်းလည်ပတ်မှု လုံးဝရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ Wargaming သည် ဘယ်လာရုစ်နိုင်ငံတွင် တည်ထောင်ခဲ့ပြီး ၎င်းပြည်တွင်း၌ အကြီးမားဆုံး ဂိမ်းကုမ္ပဏီလည်း ဖြစ် သည်။

ယခုအခါ ၎င်းကုမ္ပဏီသည် လုပ်ငန်း ပိတ်သိမ်းခြင်းကို ဘယ်လာရုစ်နိုင်ငံ၏ မြို့တော် မင့်ခ် (Minsk)တွင် စတင် လုပ်ဆောင် နေပြီး လုပ်ငန်းတစ်ခုလုံးအား ရုရှားနှင့်ဘယ်လာရုစ်တို့ရှိ Lesta စတူဒီယိုသို့ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်း၏ဝက်ဘ်ဆိုက်နှင့် LinkedIn တို့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ် ရုရှား developer တစ်ဦးက Wargaming ကို ဝယ်ယူခဲ့ဖူးသေးသော်လည်း ယနေ့ကာလ၌ ၎င်း developer နှင့် ကုမ္ပဏီတို့ ပတ်သက်ခြင်း မရှိတော့ပေ။

“ကုမ္ပဏီကနေ ဒီလုပ်ငန်းပိတ်သိမ်းတဲ့ အစီအစဉ်ကကို ဒီနေ့ ဒါမှမဟုတ် ရှေ့ ဆက် လုပ်သွားမှာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ အခုဆုံးဖြတ်ချက်ရဲ့ တိုက်ရိုက်ရလဒ်အဖြစ် ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ကုမ္ပဏီက ခံစားရမယ်ဆိုတာ မျှော်လင့်ပြီးသား ပါ” ဟု Wargaming က ၎င်း၏ထုတ်ပြန်ချက်တွင် ဝန်ခံရေးသားခဲ့သည်။

သို့ရာတွင် စတူဒီယိုသည် ဒေသတွင်း ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာလျက် ၎င်း၏ဝန်ထမ်းများ ဘေးကင်း ရေးနှင့် ပံ့ပိုးကူညီရေးတို့ကို အာမခံထားပြီး စာရင်း ရှင်းလင်းဖျက်သိမ်းခြင်းကို “အရှိန်အဟုန်ဖြင့်” ပြီးမြောက်အောင် ဆောင် ရွက်သွားမည်ဟု သိရသည်။

၎င်း၏ တိုက်ရိုက်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဂိမ်းအော်ပရေတာအသစ်က ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်၍ အပြောင်းအလဲ ကာလအတွင်း ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံသားများအတွက် Wargaming ဝန်ဆောင်မှုကို မူလအတိုင်း ရရှိ နေမည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ကုမ္ပဏီ၏ ယခုဆုံးဖြတ်ချက်အတွက် တိကျသော အကြောင်းပြချက်ကို မဖော်ပြထားသော်လည်း ၎င်းသည် ရုရှားနှင့် ယူကရိန်းတို့အကြား စစ်ရေးပဋိပက္ခအပြင် ရုရှားနှင့် ဘယ်လာရုစ် ကုမ္ပဏီအားလုံးအပေါ် တင်းကျပ်သော ပိတ်ဆို့ အရေးယူမှု များနှင့် ဆက်နွှယ်နေကြောင်း အာရ်တီသတင်းက ဆက်လက်ဖော်ပြသည်။

Source: အာရ်တီသတင်းဌာန