CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂

ပြည်ပရောက် မြန်မာလုပ်သားများမှ လစဉ် လစာ၏  ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်ငွေလွှဲပို့ခြင်းနှင့် ပတ်သက်၍ ထပ်မံ ကြပ်မတ်ရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ထိုသို့ လုပ်ဆောင်ရန် မရှိသေး ကြောင်း အလုပ်သမားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီများနှင့် စာချုပ်ချုပ်ဆိုရာတွင် လစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်ငွေလွှဲပို့ရန် ချုပ်ဆိုထားခြင်းသာ ရှိသေးကြောင်း ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးက CNI သတင်းဌာနသို့ ပြောသည်။

“စည်းကြပ်ရမယ့် system ကတော့ ချက်ချင်းလည်း လုပ်လို့မရသေးဘူးလေ။ စာချုပ်ချုပ်ပြီးတော့ လွှတ်လိုက်တဲ့ ကလေးတွေက ပြန်မှ မပြန်ရသေးတာ။ မပြန်ရသေးတော့ သူတို့တွေ လွှဲခြင်း၊ မလွှဲခြင်းဆိုတာ ကျနော်တို့က လည်း monitoring ကလည်း နည်းနည်းခက်တယ်။ application တွေကလည်း အခုမှ ဆွဲတုန်းဆိုတော့ ဘယ် အလုပ်သမားက ဘယ်လမှာ ဘယ်လိုလွှဲတယ်ဆိုတဲ့ဟာတွေက ဗဟိုဘဏ်နဲ့လည်း ပေါင်းပြီးမှ လုပ်နေကြတာပဲ ရှိသေးတယ်။ လောလောဆယ်မှာတော့ စာချုပ်ချုပ်ထားတဲ့အနေအထားပဲ ရှိသေးတယ်။ စာချုပ်မှာ ပါတဲ့အတိုင်း ပေါ့ နောင်တစ်ချိန်ကြရင်တော့ သူက နောက်ထပ်ပြည်ပကို ပြန်ထွက်တဲ့အချိန်ကြရင်တော့ ယခင်တုန်းက လွှဲထားပေးတဲ့ အထောက်အထားတွေ မပြနိုင်ဘူးဆိုရင်တော့ ကျနော်တို့က ဒီ system မှာ အားလုံးက biometric သွားတာဆိုတော့ ဒေတာ server စနစ်နဲ့ သွားတာဆိုတော့ အလုပ်သမားတစ်ယောက်က နောင်တစ်ချိန် OWIC ကဒ် ရိုက်ဖို့အတွက်လုပ်တဲ့အချိန်ကြရင် ဒေတာကပေါ်နေမှာလေ” ဟု ၎င်းက ပြောသည်။

စက်ရုံလုပ်ငန်းခွင်တစ်ခု

အေဂျင်စီများနှင့် ချုပ်ဆိုသည့် စာချုပ်ထဲတွင် လစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်ငွေလွှဲပို့ရန် ၂၀၂၃ ခုနှစ် စက်တင်ဘာလ၌ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် စာချုပ်ချုပ်ဆိုသွားသည့် လုပ်သားများ ဘက်မှ နောင်တစ်ချိန် ပြည်ပထွက်ခွာမည်ဆိုပါက လွှဲပို့ထားသည့် အထောက်အထားများ ပြသနိုင်လျှင် ထွက်ခွာ ခွင့်ရရှိမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ သိရသည်။

သို့သော် လွှဲပို့ထားသည့် အထောက်အထားများ မပြသနိုင်ပါက စာချုပ်အား ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ပြည်ပထွက်ခွာခွင့် ၃ နှစ်အပိတ်ခံရမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ သိရသည်။

သို့သော် တစ်ဖက်တွင် ပြည်ပရောက် မြန်မာလုပ်သားများ၏  လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲပို့ရန် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားထားပြီး အမှန်တကယ်လိုက်နာဆောင်ရွက်စေဖို့ ကြပ်မတ်ရန် စီစဥ် နေကြောင်း သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ “ကြားနေတယ်။ အဲဒီလိုထပ်ပြီး ကြပ်မတ်တဲ့နေ့ အမတို့ကတော့ နားမယ့် နေ့ပဲ။ အဲဒါကြတော့ သူတို့ပိုက်ဆံကို သူတို့လွှဲမှရတာ။ အမတို့ကလည်း လူပို့ထားတာ အများကြီးပဲ။ စက်ရုံပေါင်း များစွာ အမတို့က ဘယ်သွားထိုင်ပြီးတော့ အလုပ်လုပ်ပေးနိုင်မလဲ။ အမတို့က ဝန်ထမ်းမှမဟုတ်ဘဲ သူတို့ ဝန်ထမ်း တွေလိုက်ပြီး ကောက်ခိုင်းလေ။ အမတို့လုပ်ငန်းကကြတော့ လူပို့တဲ့လုပ်ငန်းလေ။ ဘဏ်နဲ့ဘာမှမသက်ဆိုင်ဘူး။ နောက်ကလေးတွေက အမတို့ကိုမှ မဟုတ်ဘူး ထိုင်းနိုင်ငံကိုလည်း အခွန်ခတွေ အကုန်ဆောင်သွားတယ်။ ကိုယ့် နိုင်ငံကိုလည်း အခွန်ခတွေ အကုန်ဆောင်သွားတာဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ငွေက သူတို့ရဲ့လက်ထဲမှာပဲ မူတည်တယ်လေ။ အမတို့က အဲဒါကို လိုက်ထိန်းချုပ်ပေးမယ်ဆိုရင် အဆင်မပြေဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

စက်ရုံလုပ်ငန်းခွင်တစ်ခု

ထိုသို့ လစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်ငွေလွှဲပို့ရာတွင် တစ်လချင်းအလိုက် သက်ဆိုင်ရာနိုင်ငံ ၏ အနိမ့်ဆုံးလုပ်ခလစာနှင့်တွက်ချက်၍ ပေးပို့နိုင်ပြီး ၃ လ တစ်ခါ တစ်လစာ၏ ၂၅ ရာခိုင်နှုန်းကိုလည်း လွှဲပို့ နိုင်ကြောင်း သိရသည်။

လက်ရှိတွင် လုပ်သားများဘက်မှ လစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်ငွေလွှဲပို့ရာတွင် ဗဟိုဘဏ်၏‌ နိုင်ငံခြားငွေဈေးနှုန်း အတက်အကျပေါ်မူတည်ကာ လွှဲပို့သည့် လူဦးရေနှုန်းထားမှာ အနည်း၊ အများ ကွာခြားချက် ရှိကြောင်း သိရသည်။

ဗဟိုဘဏ်ဘက်မှ နိုင်ငံခြားငွေဈေးနှုန်းအား ပြင်ပပေါက်ဈေးနှင့် အနည်းငယ်သာကွာခြားပြီး ပေးနိုင်မည်ဆိုပါက ပို၍ လွှဲပို့လာကြမည်ဖြစ်ကြောင်းလည်း ထောက်ပြကြသည်။