CNI News

၂၀၂၄ ခုနှစ်၊ မတ် ၂၂

ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်၍ တိကျသေချာသည့် လမ်းညွှန်ချက်များ တပြေးညီ မရှိပါက ပုဂ္ဂလိက အထည်ချုပ်လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ အပါအဝင် ကုမ္ပဏီနှင့် ကုန်ထုတ်လုပ်ငန်းများတွင် လုပ်သား အင်အား အခက်အခဲများ ပေါ်လာနိုင်သည်ဟု နိုင်ငံရေးပါတီများနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ပြော သည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်ပြီး ရပ်ကွက်များတွင် စာရင်းကောက်ယူမှုများ၊ ရွေးချယ်မှု များ လုပ်ဆောင်နေကြကြောင်း၊ သို့သော် တစ်နေရာနှင့် တစ်နေရာ ဆောင်ရွက်နေပုံများ တူညီမှုမရှိဖြစ်နေ ကြောင်း ရပ်ကွက်နေ ပြည်သူများနှင့် နိုင်ငံရေးပါတီများထံမှ သိရသည်။

အစိုးရဝန်ထမ်းများသာ စစ်မှုထမ်း ယာယီကင်းလွတ်ခွင့်ရှိပြီး ပုဂ္ဂလိက အထည်ချုပ်၊ စက်ရုံ၊ အလုပ်ရုံ အပါအဝင် ကုမ္ပဏီနှင့် ကုန်ထုတ်လုပ်ငန်းများမှ ဝန်ထမ်းများသည် စစ်မှုထမ်းရမည့် အထဲတွင် ပါဝင်ခြင်းကြောင့် တချို့သော ဝန်ထမ်းများမှာ ထွက်ပြေးတိမ်းရှောင် နေမှုများလည်း ရှိလာနေသည်။

ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်

ထိုသို့ ထွက်ပြေးတိမ်းရှောင်မှုများ များပြားလာပါက ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်သားအင်အား အခက်အခဲ ရှိလာနိုင်သည့်အတွက် ပြည်သူ့စစ်မှုထမ်း ခေါ်ယူရာ၌ တိကျသည့် လမ်းညွှန်ချက်များ တပြေးညီ သတ်မှတ်ရန် လိုအပ်သည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီကြားထဲမှာ လုပ်သားအင်အားပြဿနာ ပေါ်လာမယ်။ ဝန်ထမ်းကို ယာယီကင်းလွတ်ခွင့် ပေးမယ်ဆိုတာ က အစိုးရဝန်ထမ်းကို သူက ရည်ညွှန်းသလိုဖြစ်နေတော့ ပုဂ္ဂလိက အထည်ချုပ်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေက ဝန်ထမ်းတွေကိုယ်၌က စစ်မှုထမ်းရမှာဆိုပြီး ရှောင်တာပြေးတာတွေလုပ်တော့ လုပ်ငန်းရှင်တွေကဏ္ဍမှာ export ဆိုရင် ရက်သတ်မှတ်ချက်နဲ့ အပြီးပို့ရမယ့်ကိစ္စတွေမှာ အခု အခက်အခဲတွေ စပြီး ကြုံနေရပြီလို့ ကျနော်တို့ ကြား တယ်။ နောက်ထပ် အထည်ချုပ်အော်ဒါတွေ လက်ခံဖို့ဆိုရင်လည်း ဝန်ထမ်းအင်အား အခက်အခဲပေါ်ပြီဆိုရင် ဒီလုပ်ငန်းတွေရဲ့ ဆက်လက် ရပ်တည်ရေးကိုပါ အခက်အခဲ ဖြစ်လာမယ့် သဘောရှိတယ်။ ဒါကြောင့်မို့လို့ ဥပဒေ တစ်ခုဆိုတာ မပြဋ္ဌာန်းခင် မကျင့်သုံးခင်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို စနစ်တကျ လေ့လာသုံးသပ်တာတွေ လိုသလို လုပ်ပြီဆိုရင်လည်း ကိုယ့်ရဲ့ အမိန့်နာခံမယ့် အုပ်ချုပ်ရေးယန္တရားက စနစ်တကျ စုဖွဲ့ဖို့ ညွှန်ကြားမှု၊ ပြန်လည်သုံးသပ်ဖို့ မော်နီတာလုပ်တာတွေ အဲဒါတွေကို ကျနော်တို့က တည်ဆောက်ဖို့ လိုတယ်။ အခုဆိုရင် အောက်မှာလည်း ကိုယ့်သဘောနဲ့ကိုယ် ခြေဦးတည့်ရာ လုပ်သလိုမျိုးတွေ ဖြစ်နေတော့ ဆိုရှယ်မီဒီယာခေတ်မှာ ပိုဆိုးတာက အလန့်တကြားဖြစ်ပြီးတော့ လုပ်ငန်းကိုင်ငန်း နေ့စဉ်ဘဝတွေမှာ ဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ ရောက်လာတယ်။ ဒါကြောင့်မို့လို့ တိကျတဲ့ လမ်းညွှန်ချက်၊ ညွှန်ကြားချက်ကို တပြေးညီတည်း သတ်မှတ်ဖို့ လို တယ်။ အဲဒီသတ်မှတ်ချက်အတိုင်း မလိုက်နာဘဲ ကျော်လွန်ပြီး ဆောင်ရွက်တယ်ဆိုရင်လည်း တိုင်တန်းနိုင်တဲ့ ယန္တရား၊ အရေးယူတဲ့ ယန္တရား ရှိဖို့လိုတယ်” ဟု ပြောသည်။

အခြေခံလူတန်းစားများကိုတွေ့ရစဉ်

ပုဂ္ဂလိက လုပ်ငန်းများ အနေဖြင့် မိမိဝန်ထမ်းများ စစ်မှုထမ်းဆောင်ရန် ပါရှိပါက လိုအပ်ချက်အရ ယာယီဆိုင်းငံ့ ပေးနိုင်ရန်အတွက် တင်ပြတောင်းဆို၍ ရနိုင်သည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်။

သို့သော်လည်း အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးထားသည့် အထည်ချုပ်လုပ်ငန်းတွင် အမျိုးသား ဦးရေထက် အမျိုးသမီးဦးရေ များပြားခြင်းကြောင့် လုပ်သားအင်အား ပြဿနာသည် မရှိနိုင်ကြောင်း၊ ထို့အပြင် နိုင်ငံရေး အပြောင်းအလဲကြောင့် ပြည်တွင်းရှိ လူငယ်လူရွယ်များသည် ပြည်ပသို့ ထွက်ခွာခြင်းသည် များစွာ ရှိနေသော်လည်း ပြည်တွင်းတွင် လုပ်သားအင်အား လိုအပ်ချက်သည် မဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။

ပြည်တွင်းရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို ထိခိုက်မှု ရှိနိုင်မရှိနိုင်သည် လက်ရှိ ပြည်သူ့စစ်မှုထမ်း ခေါ်ယူရာ တွင် လုပ်ဆောင်နေသည့် လုပ်ရပ်များအပေါ်မှာ မူတည်သည်ဟု Via Logistic & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီရက်ပိုင်းမှာ ဖြစ်နေတဲ့ case တွေ ရှိတယ်။ အဲဒါကတော့ သတင်းအမှားတွေ အများကြီးရှိတယ်။ သတင်း အမှားတွေဆိုတာတော့ အကုန်လုံးကိုပဲ စစ်တပ်ထဲ ဆွဲသွင်းလိုက်တော့မလို၊ အဲဒီလိုမျိုး သဘောတွေပါ တွေ့ရ တော့ အဲဒီဟာကို လူတွေက ကြောက်ကြတယ်။ ကြောက်တော့ အထည်ချုပ်တွေတောင် ရပ်သွားမယ်တို့ ဘာတို့ ပြောနေကြတာပဲ။ ဒါပေမယ့် မဖြစ်နိုင်ဘူးပေါ့။ အထည်ချုပ်ကို အဓိကသွားနေတာက အမျိုးသမီးတွေ၊ အမျိုးသမီး ကို ခေါ်ဖို့ လက်ရှိ အစီအစဉ် မရှိဘူးလို့ သိရတာပေါ့လေ။ အဲဒီလိုမျိုးတော့ ကျနော်နားလည်တယ်။ အဲဒီဟာမျိုးသာ ပြောကြေးဆိုရင် နိုင်ငံခြားကို ထွက်သွားတဲ့ လူဦးရေကလည်း အများကြီးပဲ လူငယ်တွေကလေ။ အဲဒီတော့ စီးပွားရေးအပေါ်မှာ သက်ရောက်မှုရှိလားဆိုတော့ လူငယ်တွေ တော်လှန်ရေးထဲ ပါသွားတာတောင်မှ ပိုများမလား မသိဘူး။ အဲဒီဟာတောင်မှ မဖြစ်ဘူးဆိုရင် ဒီဟာကလည်း သိပ်တော့ မဖြစ်ဘူးလို့ ယူဆရတာပဲ။ ဒါပေမယ့် သတင်း အချက်အလက်တွေကြောင့် လူငယ်တွေ အများကြီးက အလုပ်မတက်တော့ဘဲနဲ့ ပြေးသွားတာမျိုး ဖြစ်ရင် တော့ စီးပွားရေးအရ နည်းနည်းတော့ effective တော့ နည်းနည်း ရှိတာပေါ့။ ကျနော်တို့ CMP လုပ်ငန်းတွေမှာ နည်းနည်း နှောင့်နှေးကြန့်ကြာ သွားမလားပေါ့။ ဒီလိုတော့ စဉ်းစားထားတာရှိတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ဖြစ်တော့ တစ်ဖက်က မဖြစ်နိုင်ဘူးလို့လည်း ပြန်ယူဆလို့ရတယ်။ ဒါပေမယ့် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ လုပ်ရပ်တွေပေါ်မှာ မူတည်တာပေါ့လေ။ အဲဒီလိုတော့ နားလည်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သူ ၁၆ သန်းကျော် ရှိသော်လည်း လူငယ် အားလုံးကို ခေါ်ယူမည် မဟုတ်ကြောင်း၊ တစ်လလျှင် လူဦးရေ ၅၀၀၀ နှုန်းဖြင့် တစ်နှစ်လျှင် လူဦးရေ ၆၀,၀၀၀ ခန့်ကို ခေါ်ယူသွားမည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထား သည်။