CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် နေထိုင်ရန်အတွက် မြန်မာများ အိမ်ခန်း၊ အဆောင်တန်းလျား၊ တိုက်ခန်း များအား အပြိုင်အဆိုင် ငှားရမ်းနေကြပြီး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မဲဆောက်မြို့တွင် နေထိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ငှားရမ်းသည့်အခါတွင် အိမ်ခန်းခ ဈေးနှုန်းများမှ ယခင်ထက် ပိုမိုကြီးမြင့်သွားသကဲ့သို့ စပေါ်ခများမှာလည်း ယခင်ကထက် များပြားသွားကြောင်း မဲဆောက်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အိမ်ခန်းရှာတဲ့နေရာမှာ အရင်တုန်းက ဘတ်ငွေ ခြောက်ထောင်ပေးရတဲ့ တိုက်ခန်းပေါ့ အခုဆိုရင် တစ်သောင်း သုံးထောင်ပေးရတယ်။ အဲဒီလောက်အထိကို တစ်ဝက်ကျော်ကျော်လောက် တက်သွားတာ။ အရင်တုန်းက စပေါ်ငွေ တစ်လစာပေး အကြိုတစ်လစာပေါ့ ပေါင်း ၂ လစာပေးပြီး နေလို့ရတယ်။ အခု စပေါ်ငွေ ၃ လစာ၊ ပြီးရင် လစာတစ်လစာကြိုပေး ပေါင်း ၄ လစာ အဲဒီလိုတွေ ပေးပြီးနေရတယ်။ အဲဒီတော့ မြန်မာတွေက အလုံးအရင်းနဲ့ ဝင်လာကြတော့ အိမ်ခန်းငှားတဲ့နေရာမှာ အပြိုင်အဆိုင် နင့်ထက်ငါပေါ့ အဲဒီလိုတွေ ငှားတာတွေ့ရ တယ်။  အခက်အခဲက ဘာဖြစ်လာလဲဆိုတော့ အခုပဲ ဝင်လာတဲ့သူတွေကို အိမ်ခန်းငှားဖို့အတွက် အဆင်မပြေဘူး။ အသိတွေက အိမ်ခန်းငှားပေးတယ်ဆိုရင်လည်း တရားမဝင်နေမယ့် သူတွေအတွက်က တရားဝင် အိမ်ခန်း ငှားထား တဲ့ သူတွေက လူသိုလှောင်မှု၊ လူမှောင်ခိုကူးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ တရားစွဲမယ်ဆိုလည်း ခံရနိုင် တယ်”ဟု ပြောသည်။

 မဲဆောက်မြို့အတွင်းကို တွေ့ရစဉ်

မဲဆောက်တွင် ယခုကဲ့သို့ အိမ်ခန်းများ အလုအယက် ငှားရမ်းလာကြခြင်းသည် စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင် လာသူများ၊ ကရင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ဒေသခံများသည် မဲဆောက်သို့ မိသားစုလိုက် အလုံးအရင်းဖြင့် ဝင်ရောက်လာကြခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အိမ်ခန်းငှားရမ်းရာမှာ မလွယ်ကူလှကြောင်း၊ မဲဆောက်မြို့ထဲတွင် အားလုံးနီးပါး ပြည့်နေပြီး မြို့အပြင်ရှိ အခြားကျေးရွာများတွင်သာ ရနိုင်တော့ကြောင်း သိရသည်။

ထိုသို့ အိမ်ခန်းငှားရမ်းမည့်သူ များပြားလွန်းနေသည့်အတွက် အိမ်ရှင်များဘက်မှလည်း ယခင်ကထက် ပိုမို တင်းကြပ်၍ အိမ်ငှားလာကြကြောင်းလည်း မဲဆောက်မြို့တွင် နေထိုင်သူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။

 မဲဆောက်မြို့အတွင်းကို တွေ့ရစဉ်

၎င်းက “အထောက်အထားရှိတဲ့ လူတွေကို နည်းနည်း ဦးစားပေးတာပေါ့။ အရင်တုန်းကကြတော့ စစ်ဘေးရှောင် တွေ ဒုက္ခသည်တွေ နည်းတဲ့အတွက် နည်းနည်းလေး သူတို့ ‌ချေးမများဘူးပေါ့။ အခုလည်းကြရော ပိုပြီး ချေးများ လာပြီး သူတို့တောင်းသလို ပေးနေရတာပေါ့နော်။ ဘာလို့ဆို သူတို့လည်း ဥပ‌ဒေအရပေါ့။ အရေးယူခံရမှာလည်း ကြောက်တယ်။ သူတို့အနေနဲ့ ပြန်ကြည့်ရင်လည်း အထောက်အထား မပြည့်စုံတဲ့သူတွေကို သူတို့လက်ခံထားရင် အရေးယူခံထိမှာလည်း ကြောက်တယ်။ သူတို့အတွက်လည်း အခွင့်အရေးလို့လည်း ပြောလို့ရတာပေါ့။ ဘာလို့ဆို ကိုယ်တွေနိုင်ငံက ဒီအချိန်မှာ စုတ်ပြတ်သတ်နေတာကို။ နောက်ဆုံး စုတ်ပြတ်သတ်နေတဲ့ နေရာတွေတောင်မှ အခုအချိန်မှာ လူတွေက ငှားလာတဲ့လူတွေရှိတယ်” ဟု ပြောသည်။

ကိုဗစ်မတိုင်ခင်ကာလ၌  မဲဆောက်မြို့ရှိ အိမ်ငှားခများမှာ ပုံမှန် ဘတ် ၁၅၀၀ မှ ဘတ် ၅၀၀၀ ခန့်အထိသာ ရှိခဲ့ သော်လည်း ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲများဖြစ်ပေါ်ကာ တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် မဲဆောက်မြို့သို့  ရွှေ့‌ပြောင်းလာသည့် မြန်မာဦးရေ များပြားလာသဖြင့် အနည်းငယ်စီ ဈေးတက်သွားခြင်း ဖြစ်သည်။

မဲဆောက်တွင် မြန်မာလူဦးရေ များပြားလာသည်နှင့်အမျှ ထိုင်းအာဏာပိုင်များ၏ စစ်ဆေးမှုများမှာလည်း ယခင်ကထက် ပိုများလာကြောင်းလည်း သိရသည်။