CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈

ပြည်ပရောက် မြန်မာလုပ်သားများအား မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းအား တရားဝင် လွှဲပြောင်းပေးပို့နိုင်ရေး အေဂျင်စီများအနေဖြင့် တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဒီဇင်ဘာလ ၅ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အေဂျင်စီများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အထောက်အထားများနှင့်တကွ ဒီဇင်ဘာလ ၁၈ ရက်နေ့ မတိုင်မီ ပြန်လည်တင်ပြရန်နှင့် တင်ပြခြင်းမရှိသည့် အေဂျင်စီများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း အကြောင်းကြားစာထဲ တွင် ပါရှိသည်။

လူ၀င်မှုဦးစီးဌာနရုံးကိုတွေ့ရစဉ်

တွန်းအားပေး ဆောင်ရွက်ရန်ဆိုသည့် စကားရပ်ကို ထည့်သွင်းထားသဖြင့် မြန်မာလုပ်သားများအပေါ် ခြိမ်းခြောက် မှုများ ရှိလာနိုင်ကြောင်း၊ အခက်အခဲ ပိုမိုဖြစ်စေကြောင်းနှင့် တရားမဝင် လုပ်သားအဖြစ် ခံယူ သွားကြမည့်သူများ ရှိလာနိုင်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင် က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အစိုးရက အေဂျင်စီကို ဖိအားပေးရင် အေဂျင်စီကလည်း ဒီအလုပ်သမားကို ဖိအားပေးမှာပဲ။ တရားမဝင် တဲ့ အလုပ်သမားတွေက ပိုများလာနိုင်တယ်။ ဥပမာ ဒီအေဂျင်စီတွေက ဖိအားပေးလို့ရတဲ့ နိုင်ငံတွေတော့ ရှိတာ ပေါ့။ ကိုရီးယားရတို့ ရနိုင်ခြေရှိတယ်၊ အခြား စင်္ကာပူတို့ ရနိုင်ခြေရှိတယ်။ ဒါပေမယ့် ရွှေ့ပြောင်း အလုပ်သမား အများစုနေတဲ့ နိုင်ငံတွေကြတော့ သူတို့ကတော့ ရာခိုင်နှုန်း အောင်မြင်မှု အားနည်းတယ်။ အေဂျင်စီအတွက် လည်း အခက်အခဲဖြစ်နိုင်တာ နားလည်တယ်။ အလုပ်သမားတွေကတော့ ပိုအခက်အခဲ ဖြစ်တာပေါ့။ တစ်ပိုင်းက ကိုယ်ရောက်တဲ့နိုင်ငံမှာ ဒီလိုပြဿနာတွေ ကြုံလာပြီဆိုရင် ဒီလူတွေကလည်း MOU ကို ဖျက်သိမ်း ပြီးတော့ တခြားနည်းလမ်းကို ရွေးချယ်ကြမှာပေါ့။ ဗမာပြည်က လာမယ့်အုပ်စုတွေကလည်း နောက်ပိုင်း အေဂျင်စီတွေက တဆင့် မသွားဘဲနဲ့ အထောက်အထားမရှိတဲ့ ပွဲစားတွေရှိ‌တာပေါ့။ ပွဲစားတွေက တဆင့် တရားမဝင် နည်းလမ်းနဲ့ပဲ သူတို့ လမ်းကြောင်းကို ရွေးချယ်ကြမှာ တွေ့ရတယ်” ဟု ပြောသည်။

ပြည်ပနိုင်ငံမှ ရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ လွှဲပြောင်းပေးပို့ရန် ပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် အလုပ်သမားအကြား စံစာချုပ် ချုပ်ဆိုခြင်းကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စံစာချုပ်တွင် တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ၃ လလျှင်တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ တရားဝင် ငွေလွှဲစနစ်ဖြင့် လွှဲပြောင်းပေးပို့ ရမည်ဟု ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် အချိန်ကာလအားဖြင့် ၃ လ ပြည့်ပြီဖြစ်၍  အေဂျင်စီများအနေဖြင့် စေလွှတ်ထားသည့် အလုပ်သမားများကို လည်းကောင်း၊ ပြည်ပနိုင်ငံရှိ အေဂျင်စီ (သို့မဟုတ်) အလုပ်ရှင်များကို ဆက်သွယ်၍ လည်း ကောင်း၊ အေဂျင်စီမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ အလုပ်သမားများထံသို့ လူကိုယ်တိုင် သွားရောက်၍လည်းကောင်း အလုပ်သမားများ၏ ဘဏ်စာရင်းသို့ဖြစ်စေ၊ မိသားစုဝင်များထံသို့ဖြစ်စေ တရားဝင် ငွေလွှဲပြောင်းပေးပို့နိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန် အကြောင်းကြားလာခြင်း ဖြစ်သည်။

လက်အိတ်စက်ရုံကိုတွေ့ရစဉ်

လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “ကုမ္ပဏီအေဂျင်စီချင်း တစ်ခုနဲ့ တစ်ခုတော့ မတူကြဘူးပေါ့။ ကိုယ်စီစဉ်တဲ့အပေါ်မှာ ကိုယ့်လမ်းကိုယ် လျှောက်တော့ လျှောက်ရမှာပဲ ပစ်ထားလို့ တော့မရဘူး။ ထိုင်းကတော့ လူတကာ တော်တော်များများ အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေကြတော့ သိပ်တော့ မခက်ပါဘူး။ မလေးရှားကတော့ နည်းနည်း ကသီတာပေါ့။ သူတို့ကိုပဲ တိုက်ရိုက်ပြောသင့်ရင်လည်း ပြောဖို့ပေါ့။ remind လုပ်တာလည်းပါတယ်။ တာဝန်ယူ၊ တာဝန်ခံမှု ရှိဖို့အတွက် ဌာနက စာထုတ်ပြန်ထားတယ်။ အရေးယူ မယ်လည်း ပြောထားပြီးသား ဖြစ်တဲ့အတွက် အေဂျင်စီတွေ အနေနဲ့ကတော့ လိုက်နာရမှာပဲ။ မလိုက်နာရင်လည်း မလိုက်နာသလို သူတို့က ထပ်ပြီး သတိပေးတာတို့ ဘာတို့ လုပ်ဦးမှာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် ရယူထားသည့် အေဂျင်စီ အရေအတွက်မှာ  ၅၀၆ ခုအထိ ရှိလာပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက်သည် ၃၀၀ ခန့်သာရှိခဲ့ခြင်းဖြစ်ပြီး ၂ နှစ် အတွင်း အေဂျင်စီ အသစ် ၂၀၀ ကျော်အား လိုင်စင်ချပေးထားခြင်း ဖြစ်သည်။