CNI International News

ကရာမာတော့စ်၊ အောက်တိုဘာ  ၂၇

ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေချိန်တွင် ယူကရိန်း၏ ရှေ့တန်းစစ်မြေပြင်အနီးရှိ ကရာမာတော့စ် (Kramatorsk) မြို့တွင် စီးပွားရေးလုပ်ငန်းရှင်များသည် လုပ်ငန်းလည်ပတ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု အေပီမှ ဖော်ပြခဲ့ သည်။

ထိုမြို့ရှိ အဆောက်အအုံများသည် ရုရှား၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးနေပြီး ဇွန်လအတွင်းကလည်း ယူကရိန်းအရှေ့ပိုင်းရှိ ပီဇာဆိုင်တစ်ဆိုင်ကို ရုရှား၏ ပဲ့ထိန်းဒုံးကျည်တစ်စင်း ထိမှန်မှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ သည်။

သေဆုံးသူများထဲတွင် စာပေဆုရှင် ယူကရိန်းစာရေးဆရာ တစ်ဦးနှင့် ဆယ်ကျော်သက် အချို့ ပါဝင်ခဲ့သလို သေဆုံးသူများထဲမှ ၇ ဦးသည် ဆိုင်ဝန်ထမ်းများ ဖြစ်သည်။

လက်ရှိတွင် ထိုပီဇာဆိုင်၏ ဝင်ပေါက်နေရာ၌ သေဆုံးသူများအတွက် ရည်စူးသည့် ပန်းများနှင့် ဝမ်းနည်းအောင့်မေ့ ဖွယ် စာသားများကို ရေးသားထားသည်။ 

ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲလို့ ပီဇာဆိုင်မှာ သေဆုံးခဲ့သူများကို အောက်မေ့ဖွယ် ဂုဏ်ပြုထားစဉ်

"စီးပွားရေးသမားတစ်ဦး အနေနဲ့ဆိုရင် ဆိုင်ခန်းထိခိုက် ပျက်စီးသွားတဲ့အတွက် ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ဒီထက်ပိုဆိုးတာက အစားပြန်မရနိုင်တော့တဲ့ လူ့အသက်တွေပါ ဆုံးရှုံးသွားခဲ့တာ ပိုပြီး ဝမ်းနည်းရပါတယ်" ဟု RIA Pizza ဆိုင်ပိုင်ရှင် ဒီမီထရို အာနက်တန်ကို (Dmytro Ihnatenko) က ပြောကြားခဲ့သည်။

ထိုပီဇာဆိုင်ကို ဒုံးကျည်ထိမှန်ခဲ့သည့် ဖြစ်စဉ်သည် ဒွန်းနက်စ် (Donetsk) ၏ ရှေ့တန်းစစ်မြေပြင်အနီးရှိ ကရာမာတော့စ်မြို့တွင် စီးပွားရေးလုပ်ငန်းများအတွက် အန္တရာယ်ရှိနေသည့် အခြေအနေကို ပြသရာ ရောက်ခဲ့ သည်။ 
သို့သော်လည်း စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့၏ လုပ်ငန်းများကို မပိတ်ဘဲ ဆက်လက် လည်ပတ် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။ 

ပီဇာဆိုင် ဒုံးကျည်မှန်လို့ ပျက်စီးထားစဉ်

လက်ရှိတွင် ကရာမာတော့စ်မြို့အတွင်း စားသောက်ဆိုင် ၅၀ နှင့် ဈေးဆိုင် ၂၂၈ ဆိုင် ဖွင့်လှစ်ထားဆဲ ဖြစ်သည်ဟု မြို့ကောင်စီအဖွဲ့က ခန့်မှန်းခဲ့သည်။ 

ထိုအရေအတွက်သည် ပြီးခဲ့သည့်နှစ်ကထက် ဆိုင်ခန်းအရေအတွက် သုံးဆ ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။ 

"အန္တရာယ်များတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းတွေဟာ ကျနော်တို့ရဲ့ ဘဝဖြစ်တာ ကြောင့် အရဲစွန့်ပြီး ဆက်လက် လုပ်ကိုင်နေတာပါ"ဟု ကရာမာတော့စ်မြို့ရှိ White Burger ဘာဂါဆိုင် အုပ်ချုပ်ရေးမှူး အိုလန်နာ ဇီယာဘင်နာ (Olena Ziabina) က ပြောကြားခဲ့သည်။ 

Source: အေပီ