CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇

ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန်နှင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်သည့် အနေဖြင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေဒေသတွင် ဆောင်းဦးပွဲတော်ကို လာမည့် နိုဝင်ဘာလ အတွင်း ၁၀ ရက်တာ ကျင်းပမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။

ငပလီ ဆောင်းဦးပွဲတော်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ နှစ်စဉ် နိုဝင်ဘာလသို့ ပြောင်းလဲကျင်းပခဲ့ဖြစ်ကြောင်း၊ သို့သော် ယခုနှစ်ကဲ့သို့ ၁၀ ရက်တာ ကျင်းပခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ၁၀ ရက်တိုင်တိုင် ကျင်းပရန်အတွက် လျာထားကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“ရက်က မရွေးရသေးဘူး။ ခန့်မှန်းခြေတော့ တတိယပတ် သို့မဟုတ် နောက်ဆုံးပတ်တော့ ရွေးထားတယ် မှန်းထား တာပေါ့လေ နိုဝင်ဘာလလေ။ ၁၀ ရက်လည်း အခု လျာထားတာပေါ့။ ၁ ရက်တော့ မဟုတ်တော့ပါဘူး။ ၁ ရက် ဆိုတဲ့သတင်းတော့ မှားတယ်။ အန်ကယ်တို့က လောလောဆယ်တော့ ၁၀ ရက်လို့ လျာထားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ စည်ချင်လို့ပေါ့။ ရက်တွေ ရှည်ရှည်လုပ်တော့ လူတွေ များများ ပျော်ရတာပေါ့။ ဧည့်သည်တွေ များများပိုလာတာပေါ့” ဟု ပြောသည်။

ငပလီကမ်းခြေဒေသသို့ ယခု အောက်တိုဘာလမှ စတင်၍ သင်္ကြန် နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအထိ ခရီးသွားဝင်ရောက်မှု များပြားလျက်ရှိကြောင်း၊ ဆောင်းဦးပွဲတော် ကျင်းပသည့်အချိန်သည် မိုးလေ ကင်းလွတ်ချိန်ဖြစ်သည့်အတွက် ခရီးသွား ဝင်ရောက်မှု ပို၍ များသည့် အနေအထားဖြစ်သည်ဟု သိရသည်။

ယခင်နှစ်များက ငပလီဆောင်းဦးပွဲတော်ကျင်းပခဲ့စဉ်

ယခုအချိန်သည် ခရီးသွား ဝင်ရောက်မှုများ မြင့်မားနေပြီဖြစ်ကြောင်း ငပလီကမ်းခြေဒေသမှ ဟိုတယ် မန်နေဂျာတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ဆောင်းဦးပွဲတော်က လုပ်လာတာ ဒီနှစ်နဲ့ဆို ၃ နှစ်လား၊ ၄ နှစ်လား ရှိပြီဗျ။ ခရီးသွားတော့ လာနေတာပဲဗျ။ ၁၀ လပိုင်းဆိုရင်တော့ ခရီးသွားတွေက လာနေတာပဲ၊ သူ့ဟာနဲ့သူဆိုရင်တော့ များတာပဲ။ ကျနော်တို့ရဲ့ ဟိုတယ်အစီအစဉ်ကဗျာ အောက်တိုဘာကနေပြီးတော့ အများအားဖြင့် ၅ လပိုင်းအထိပေါ့နော် အဲဒီအချိန်က ဧည့်သည် အများဆုံး လာတဲ့အချိန်ရာခိုင်နှုန်းအနေနဲ့လည်း အများကြီး မြင့်ပါတယ်။ အများကြီး လာကြတယ်။ အခု ကျနော်လည်း တွေ့တာ သီတင်းကျွတ်ဆိုရင် ဟိုတယ်တွေဆိုရင် ဧည့်သည်အခန်း ပြည့်သလောက်ကို ဖြစ်နေတာ” ဟု ပြောသည်။

ငပလီဆောင်းဦးပွဲတော်တွင် မနက်ပိုင်းတွင် ဖွင့်ပွဲ အခမ်းအနား၊ နေခင်းပိုင်းတွင် သဲသောင်ပြင် အားကစား ပြိုင်ပွဲများ၊ အပြေးပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲများ၊ ချောတိုင်တက်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲ၊ ခြင်းခတ်ပွဲ စသည့် ပွဲစဉ်များနှင့် သဲပန်းချီပြပွဲများ ပါဝင်ပြီး ညပိုင်းတွင် ညဈေးရောင်းပွဲတော်နှင့် အသေးစားနှင့် အလတ်စား ပြပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေဒေသတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၆၅ လုံးရှိပြီး အချို့သော ဟိုတယ်များမှာ ပြင်ဆင်မွမ်းမံနေမှုများ ရှိနေခြင်းကြောင့် ဖွင့်လှစ်ထားနိုင်ခြင်း မရှိသေးကြောင်း၊ လက်ရှိတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၅၁ လုံး ဖွင့်လှစ်ထားပြီး လာမည့် သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွက် ဟိုတယ်အခန်းများအားလုံး ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။