CNI International News

ဘေဂျင်း၊ အောက်တိုဘာ ၂၀

တရုတ်၏ Belt and Road Initiative (BRI) စီမံကိန်းအောက်တွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို မြှင့်တင်မည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ဘေဂျင်းမြို့တော်တွင် ပြုလုပ်သည့် Belt and Road စီးပွားရေးဖိုရမ်ကို တက်ရောက်နေသော ဆရီသာက ထိုင်းနိုင်ငံ၏ မြေပြင်ဆက်သွယ်ရေး စီမံကိန်းကို လျစ်လျူမရှုရန်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်း ခဲ့သည်။ 

ထိုင်းဘဏ္ဍာရေးဝန်ကြီး ရာထူးကိုလည်း ရယူထားသည့် မစ္စတာ ဆရီသာသည် တတိယအကြိမ်မြောက် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေး Belt and Road ဖိုရမ်တွင် "သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် အစိမ်းရောင် ပိုးလမ်းမ စီမံကိန်း" (Green Silk Road for Harmony with Nature) ဟု အမည်တပ်ထားသည့် ထိပ်သီးအဆင့် ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

တရုတ်အမျိုးသား ကွန်ဗန်းရှင်း စင်တာ (China National Convention Center) တွင် အောက်တိုဘာ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ထိုဆွေးနွေးပွဲ၌ ဆရီသာက အရေးကြီးသည့် အချက်များကို အလေးထား ပြောဆိုခဲ့သည်။ 

ထိုင်း-တရုတ် ဆက်ဆံရေးကို သရုပ်ပြသစဉ်

ဆရီသာ အဆိုပြုခဲ့သည့် ထိုင်း၏ ဦးစားပေး လုပ်ဆောင်ရမည့် အချက်များတွင် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် အခြေခံ အဆောက်အအုံကဏ္ဍ အပါအဝင် စီးပွားရေးလှုပ်ရှားမှု အားလုံးမှတစ်ဆင့် ကုန်ထုတ်လုပ်ရေးနှင့် စားသုံးမှု နှုန်းကို တိုးမြှင့်ရန် ပါဝင်သည်။ 

နည်းပညာသစ်များ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးတို့သည် တန်ဖိုးမဖြတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင် ကာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးတို့သည်လည်း ထိုင်းနိုင်ငံ၏ ဦးစားပေး ကိစ္စရပ်များထဲတွင် ပါဝင် သည်ဟု ဆရီသာက ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟနစ်ကို ထိန်သိမ်းရေးတို့၏ အရေးကြီးပုံကိုလည်း အသိအမှတ်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်က ဆက်လက် ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံအနေနှင့် သဘာဝအတိုင်း စိမ်းလန်းစိုပြေသည့် သစ်ပင်သစ်တောများ ရှိသည့်နေရာကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် ၅၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း၊ ပင်လယ်ရေကြောင်းနှင့် ကမ်းရိုးတန်း ဇီဝမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းမှုကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဆရီသာက ကတိပြုခဲ့သည်။

ထိုင်းနိုင်ငံသည် များပြားလှသည့် စီမံကိန်းများအတွက် ဒေါ်လာ ၁၂  ဒသမ ၅ ဘီလျံအထိ လျာထားချက်ကို တိုးမြှင့် ခဲ့ပြီး မကြာမီတွင် နောက်ထပ် ဈေးကွက်များကိုလည်း မြှင့်တင်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ 

Source: ဘန်ကောက်ပို့စ်