CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅

လက်ရှိ သရက်သီး ရာသီတွင် မြန်မာ့စိန်တလုံး သရက်သီးများကို ဝယ်ယူရန်အတွက် စင်္ကာပူနိုင်ငံမှ အမှာစာများ ရရှိနေပြီဖြစ်ကြောင်း သရက်သီး တင်ပို့သူများထံမှ သိရသည်။

မြန်မာ့စိန်တလုံး သရက်သီးအတွက် စင်္ကာပူမှ အမှာစာများသော်လည်း ယခုနှစ်တွင် ပြည်တွင်း သရက်သီး ထွက်ရှိ မှု နည်းပါးကြောင်း၊ ထို့ကြောင့် အရည်အသွေး ကောင်းမွန်သည့် သရက်သီးများကို တင်ပို့နိုင်ရန် ကြိုးစားနေ ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်သီးအစုအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ စိန်တလုံး သရက်သီးများကိုတွေ့ရစဉ်

၎င်းက “စင်္ကာပူကိုတော့ လကုန်ပြီးမှ ပို့မှာပါ။ အမှာစာတွေတော့ ရှိတယ်။ ဒါပေမယ့် တိတိကျကျတော့ ပြောလို့မ ရသေးဘူး။ အသီး အရည်အသွေးရယ်၊ နောက် အသီးထွက်ရှိမှုရယ်၊ အရည်အသွေးကောင်းတဲ့ သရက်သီး ရရှိမှု အပေါ် မူတည်ပြီးတော့ ရသလောက်ကို တင်ပို့ရောင်းချမှာပါ။ ဒီနှစ်က အသီးလည်း နည်းနည်း ရှားတယ်လေ။ အော်ဒါတွေကတော့ အကုန်လုံး ရှိတယ်။ လိုချင်တဲ့ သူတွေကလည်း များတယ်။ ဒါပေမယ့် ထွက်တဲ့အပေါ်မှာ မူတည်တယ်။ နောက်တစ်ခုကလည်း အရည်အသွေးကောင်းတဲ့ သရက်သီးတွေ ဝယ်ယူလို့ ရရှိတဲ့ နေရာမှာလည်း မူတည်ပါတယ်။ အရည်အသွေး မကောင်းဘဲနဲ့လည်း ကျမတို့ တင်ပို့ရောင်းချလို့ မရပါဘူး။ ဒီအတိုင်းပဲ အနှစ်ထုတ် တဲ့ အထဲကို ရောက်သွားတာ များပါတယ်။ အဲဒါကြောင့်မို့လို့လေ ကျမတို့ကတော့ ကြိုးစားနေလျက်ပါပဲ။ တောင်သူတွေကလည်း ကျမတို့နဲ့ လက်တွဲထားတဲ့ တောင်သူတွေကလည်း အကုန်လုံး ကြိုးစားနေလျက်ပါပဲ” ဟု ပြောသည်။

ယခုနှစ်တွင် ရာသီဥတု ပူပြင်းခြင်းနှင့် သရက်ပင်အတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်သည့် အတွက် လုံလောက်စွာ သုံးစွဲမှု မရှိခြင်းနှင့် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရေအလုံအလောက် မရရှိခြင်းတို့ ကြောင့် သရက်သီး ထွက်ရှိမှုနှုန်း နည်းပါးသွားခြင်းဖြစ်ကြောင်း သရက်စိုက်တောင်သူများထံမှ သိရသည်။

သရက်သီး ထွက်ရှိမှုနှုန်း နည်းပါးသည့်အတွက် ပြည်တွင်း သရက်သီး ဈေးနှုန်းများသည် ကောင်းမွန်နေပြီး ပြည်ပ သို့ တင်ပို့ရာတွင်လည်း အထိုက်အသင့် ဈေးနှုန်းကောင်းမွန်နေကြောင်း၊ မေလဆန်းပိုင်းတွင် စင်္ကာပူနိုင်ငံသို့ စတင် တင်ပို့တော့မည်ဖြစ်ကြောင်း သဇင်နွယ် သရက်ခြံမှ မန်နေဂျာ ဦးဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ စိန်တလုံး သရက်သီးများကိုတွေ့ရစဉ်

၎င်းက “အမှာစာ အခြေအနေကတော့ တန် အနေနဲ့ဆိုရင်တော့ ၃၀ ဝန်းကျင်လောက်တော့ လောလောဆယ် ပြောလို့ရမယ်။ အရင်နှစ်ထက် စာရင်တော့ နည်းနည်း နည်းမလား မပြောတတ်ဘူး။ ဒီနှစ်က သရက်သီး အထွက် နှုန်း ကျတယ်လေ။ နောက်လတော့ ပို့ဖြစ်မယ်ထင်တယ် ၁၀ ရက်၊ ၁၁ ရက်လောက်။ ဈေးနှုန်းကတော့ အထွက် နှုန်း ကျလို့ရှိရင်တော့ ဈေးကတော့ ကောင်းတယ်လေ။ ကုန်ပစ္စည်း ရှားလို့ရှိရင် ဈေးနှုန်း ကောင်းတယ်လေ။ ဒီနှစ် ကတော့ အထိုက်အသင့်တော့ ကောင်းတာ” ဟု ပြောသည်။

လက်ရှိ ပြည်တွင်း စျေးကွက်တွင် စိန်တလုံး သရက်သီး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ဈေးနှုန်း ရရှိနေကြောင်း၊ အိတ်စွပ်သီး(တစ်ခြင်း)လျှင် ၅၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ် ရှိနေကြောင်း သိရသည်။

မြန်မာ့စိန်တလုံး သရက်သီးကို စင်္ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံသို့ နယ်စပ်လမ်းကြောင်း၊ ပင်လယ်ရေကြောင်းနှင့် လေကြောင်းလိုင်းမှတဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သရက်သီးများကို စင်္ကာပူနိုင်ငံသို့ တင်ပို့သည်မှာ ၄ နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ် တန် ၄၀ မှ တန် ၁၀၀ အထိ တင်ပို့ထားနိုင်ခဲ့ ကြောင်း သိရသည်။