CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃
မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လအတွင်း ကောက်ယူထားသည့် အချက် အလက်များအရ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေး ကဏ္ဍတစ်ခုလုံးမှ လုပ်ငန်း အခြေအနေများသည် ထပ်မံကျ ဆင်း ဆုတ်ယုတ်လာနေကြောင်း IHS Markit ၏ မြန်မာ့ ကုန်ဝယ်ယူရေး မန်နေဂျာများအညွှန်းကိန်း(Myanmar PMI)စစ်တမ်း အစီအရင်ခံစာမှာ ဖော်ပြ ထားသည်။ ထိုသို့ ကုန်ထုတ်လုပ်ရေးကဏ္ဍ ကျဆင်းလာရခြင်းမှာ ယခုကာလအတွင်း ဒေါ်လာ ဈေးနှုန်း အတက်/အကျနှင့်အတူ ကျပ်ငွေ နှုန်းကစားမှုများ၊ ကုန်ကြမ်း ရှားပါးမှုများ၊ ပို့ဆောင်ခနှုန်းများ မြင့်တက်လာမှုများကြောင့် ဖြစ်ကြောင်း သိရ သည်။ PMI စစ်တမ်း အစီအရင်ခံစာတွင် ပြီးခဲ့သည့် မေလက ၃၉ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ဇွန်လမှာတော့ ၄၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်း လာခဲ့ကြောင်း ဖော်ြပထားသည်။ အဆိုပါ မြန်မာ့ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကျဆင်းနေမှုသည် ပြီးခဲ့သည့် မတ်လမှစ၍ ကျဆင်းမှုနှုန်း ဆက်တိုက် မြင့်တက် လာခြင်းဖြစ်ပြီး ယခု ဇွန်လ ကျဆင်းမှုသည် ဆယ်လမြောက် ဆက်တိုက်ကျဆင်းနေကြောင်း စစ်တမ်းက ဆိုထားသည်။ HIS Markit ၏ စီးပွားရေးပညာရှင် Shreeya Patel က “PMI ဒေတာက မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုကြောင့် လေးလ ကျော် ရင်ဆိုင်နေရတဲ့ ဖိအားပေးမှုကို ပြသနေတယ်။ စက်ရုံတွေ၊ ဖောက်သည်လုပ်ငန်းတွေ ပိတ်မြဲ ပိတ်ထားရတာတွေ ငွေကြေးဆိုင်ရာ ပြဿနာတွေက ဝယ်လိုအားကို ရိုက်ခတ် စေတယ်။ ဇွန်လ ဒေတာက ရောင်းဈေးနဲ့ ထည့်ကုန်ဈေးနှုန်းတွေကို လျှင်မြန်စွာ မြင့်တက်လာတာကို ပြနေတယ်”ဟု ပြောသည်။ လတ်တလောတွင် ကုမ္ပဏီများအနေဖြင့် ပြည်တွင်းဝယ်လိုအား ပြန်ကောင်းလာ စေရန်နှင့် ငွေကြေးဆိုင်ရာ ပြဿနာများ ပြေလည်လာရန် မျှော်လင့်နေကြ သည်ဟု ၎င်းက ဆိုသည်။ ကုန်ထုတ်လုပ်ငန်းများ ကျဆင်းရခြင်းမှာ ငွေသားပြတ်တောက်မှုများနှင့် ဈေးနှုန်းများ မြင့်တက်လာမှုကို ပူးတွဲ ညွှန်ပြနေပြီး လုပ်သားများအနေနှင့်လည်း ၎င်းတို့ဇာတိနေရပ်ကို ဆက်တိုက် ပြန်နေခြင်း၊ ဝယ်လိုအားကျလာခြင်း၊ မိမိဆန္ဒ အလျောက် အလုပ်မှ နုတ်ထွက်ခြင်း တို့ကြောင့်လည်း ပါဝင်ကြောင်း MPI စစ်တမ်းက ဆိုသည်။ ဈေးနှုန်းများကို လေ့လာကြည့်လျှင် ထုတ်လုပ်မှု စရိတ်များ၏ ဖောင်းပွမှုမှာ မြင့်တက်လာခဲ့ပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်း ဆိုးရွားလာခြင်း၊ ကုန်ကြမ်း ရှားပါး မှုများနှင့် ပို့ဆောင်ရေးစရိတ် မြင့်တက်လာခြင်းကို ထောက်ပြနေသည်။ ထို့အပြင် ယခုကာလအတွင်း ငွေသားထုတ်ယူမှုဆိုင်ရာ ကန့်သတ်မှုများကြောင့် သုံးစွဲသူများ မကြာခဏဆိုသလို ငွေကြေး ပြတ်တောက်မှုများ ရှိခဲ့ခြင်းက ဝယ်လိုအားကို အားပျော့စေခဲ့ပြီး လက်ရှိ ကျဆင်းနှုန်းမှာ စစ်တမ်း၏ ငါးနှစ်ခွဲ ကြာသမိုင်းတွင် ကုန်ထုတ်လုပ်မှု ကျဆင်းသည့် အများဆုံး အခြေအနေ တစ်ခု ဖြစ်ကြောင်း သိရသည်။
#မြန်မာ့ကုန်ထုတ်လုပ်ငန်း
#စီးပွားရေး
#ကုန်ထုတ်လုပ်ငန်းကျဆင်းနေ
#HIS Markit
#မြန်မာထုတ်လုပ်မှု PMI
#ငွေသားထုတ်ယူမှုခက်ခဲ
#ကျပ်ငွေနှုန်းကစားခြင်း
မြန်မာ့ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ ကျဆင်းနေ
- By CNI
- Category: စီးပွားရေး
- Hits: 406