CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၀
အမေရိကန် ပိတ်ဆို့အရေးယူမှု ရှိနေစဉ်အတွင်း ယခင်လကုန်ပိုင်းက ကုန်တင်သင်္ဘောတစ်စင်းသည် ဆီးရီးယားမှ စတင် ခုတ်မောင်းလာခဲ့ပြီး တူရကီနိုင်ငံ၏ ဘောစဖောရက် ရေလက်ကြားကို ဖြတ်သန်းပြီး ရုရှားနိုင်ငံသို့ ဦးတည်သွားခဲ့သည်။
ယူကရိန်းတွင် တိုက်ခိုက်နေဆဲ သမ္မတဗလာဒီမာပူတင်၏ စစ်ပွဲကို အားဖြည့်တင်းရန်အတွက် အဆိုပါ Sparta II ကုန်တင် သင်္ဘောအကြောင်းကို ဥရောပထောက်လှမ်းရေး အရာရှိများက ခြေရာခံခဲ့သည်။
နိုဗိုရိုစီယက်ခ် ပင်လယ်နက် ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သော အဆိုပါ သင်္ဘောခရီးစဉ်ကို ကြည့်လျှင် ယခုအခါ ၆ လကြာပြီ ဖြစ်သည့် ကျူးကျော်စစ်အတွက် အရင်းအမြစ်များ ထပ်မံရှာဖွေဖို့ ကရင်မလင် သမ္မတနန်းတော်၏ ကြိုးပမ်းမှုကို ကွင်းကွင်း ကွက်ကွက် တွေ့ရမည်ဖြစ်သည်။
ဖြစ်ပွားနေဆဲ ယူကရိန်းစစ်သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပမြေပေါ်၌ အကြီးမားဆုံး စစ်ရေးလှုပ်ရှားမှုဖြစ်နေ၍ ကုန်စည်ထောက်ပံ့ရေးလိုင်းများလည်း အဆင်မချောဘဲ တင်းမာခက်ခဲနေသည်။
ယူကရိန်းသည် မိမိကိုယ်ကို ခုခံကာကွယ်ရန် အမေရိကန်နှင့် ဥရောပနိုင်ငံများထံမှ လက်နက်များ ဒေါ်လာဘီလီယံနှင့်ချီ၍ လက်ခံ ရရှိထားသော်လည်း ရုရှားကတော့ အဆုံးအရှုံး များပြားနေသည့်ကြားမှ ရှေ့တန်းတပ်များကို ထောက်ပို့ပေးနိုင်ရန် အတွက် ၎င်း၏ ကိုယ်ပိုင် အရင်းမြစ်များကိုသာ အားကိုးရမည် ဖြစ်သည်။
ယူကရိန်းစစ်မျက်နှာတွင် ရုရှားတပ်ဖွဲ့ဝင် သောင်းနှင့်ချီ သေဆုံး (သို့မဟုတ်) ဒဏ်ရာရခဲ့ပြီး သံချပ်ကာ ယာဉ်ပေါင်း ထောင်နှင့် ချီ၍ ပျက်စီးခဲ့ကြောင်း အမေရိကန်က ခန့်မှန်းသည်။
ရုရှားသည် ပင်လယ်နက်ထဲသို့ စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ရန်အတွက် ကုန်တင်သင်္ဘောများကို သုံးနေကြောင်း အမေရိကန် အစိုးရအနေဖြင့် ယုံကြည်ထားသည်ဟု ဥရောပ ထောက်လှမ်းရေး သတင်းများ ပဲ့တင်ထပ်နေခဲ့သည်။
Sparta II ကုန်တင်သင်္ဘောကိုတွေ့ရစဉ်(GETTY IMAGES)
ထိုဖြစ်စဉ်နှင့်နီးစပ်သူ ထောက်လှမ်းရေးအရာရှိက Bloomberg မီဒီယာသို့ ဖွင့်ချခဲ့သော်လည်း အတွင်းစည်း လျှို့ဝှက်ချက်များ ဖြစ်သဖြင့် အဆိုပါ ထောက်လှမ်းရေးအရာရှိ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်နိုင်ခြင်း မရှိပါ။
Sparta II သင်္ဘောသည် ဆီးရီးယားနိုင်ငံ တာတက်စ်ဆိပ်ကမ်းမှာ စစ်သုံးယာဉ်များ သယ်လာသည်မှာ သေချာပေါက်ဖြစ်ကြောင်း ထောက်လှမ်းရေး အရာရှိများ၏ ပြောကြားချက်နှင့်အတူ ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်ကြား ရိုက်ကူးထားသော ဂြိုဟ်တု သတင်းဓာတ်ပုံများကိုပါ Bloomberg မီဒီယာက တွေ့မြင်ခဲ့ရသည်။ တာတက်စ်ဆိပ်ကမ်းသည် ရုရှားတို့ သုံးစွဲနေကျ ကုန်တင် ကုန်ချ ဆိပ်ကမ်းလည်း ဖြစ်သည်။
ထိုသင်္ဘောဖြင့် တင်ဆောင်လာသည့် စစ်သုံးယာဉ် အမျိုးအစားများကိုတော့ အတိအကျ မသိရသေးကြောင်း အဆိုပါ ထောက်လှမ်းရေး အရာရှိများက ဆက်လက် ပြောကြားခဲ့သည်။
သင်္ဘောကို ကနဦး ဆီးရီးယားတွင် မြင်တွေ့ခဲ့ရပြီးနောက် စစ်သုံးယာဉ်များ တင်ဆောင်ကာ ဘောစဖောရက် ရေလက်ကြား ဖြတ်ကျော်ခဲ့ကာ နိုဗိုရိုစီယက်ခ် ဆိပ်ကမ်းတွင် ချခဲ့သည်မှာ အနည်းဆုံး စစ်သုံးမော်တော်ယာဉ် ၁၁ စီးအထိ ရှိကြောင်း သိရ သည်။
အဆိုပါသင်္ဘောကို ပိုင်ဆိုင်သူမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိန်းချုပ်မှုအောက်ရှိ ကုမ္ပဏီတစ်ခုဖြစ်ပြီး ယင်းကုမ္ပဏီကို ပြီးခဲ့သည့် မေလ၌ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ကြောင်း ရေကြောင်း ခြေရာခံ အချက်အလက်များအရ သိရသည်။
သင်္ဘောသည် နေတိုးအဖွဲ့ဝင် တူရကီ၏ ရေလက်ကြားထဲသို့ အတားအဆီးမရှိ ရက်စွဲစဉ်အလိုက် ပင်လယ်ရေလမ်းခရီးကို အောင်မြင်စွာ ခုတ်မောင်းနိုင်ခဲ့သည်။
ပူတင်၏ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုအပြီး မကြာမီမှာပင် တူရကီနိုင်ငံ၏ ဘောစဖောရက် ရေလက်ကြားကို စစ်သင်္ဘော များ သွားလာခြင်းကို Montreux ကွန်ဗင်းရှင်းအရ အန်ကာရာအစိုးရ(တူရကီ)က တားဆီးရန် ပိတ်ပင်ခဲ့သည်။ သို့သော် ကုန်သွယ်ရေး လုပ်ငန်းသုံး သင်္ဘောများကိုတော့ ဖြတ်သန်းခွင့် ပြုထားသည်။
ရုရှားသည် အော်ဘိုရိုလော်ဂျစ်စတစ်ကာ OOO ကုမ္ပဏီမှ ကုန်တင်သင်္ဘောများကို ယခုနှစ်အတွင်း တူညီသော လမ်းကြောင်း တလျှောက် အခေါက်ခေါက်အခါခါ သုံးခဲ့ကြောင်း တွေ့ရသည်။ ထိုကုမ္ပဏီသည် ယခင်ကလည်း ရုရှားမှ ဆီးရီးယားသို့ စစ်ဘက်သုံး ကိရိယာနှင့် လက်နက်များကို ကူးချည်သန်းချည် လုပ်ပေးခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူတစ်ဦးက တူရကီ အစိုးရထံသို့သာ မေးမြန်းရန် တုံ့ပြန်ခဲ့သည်။
ထို့ကြောင့် တူရကီထံသို့ ဆက်လက်မေးမြန်းရာ တူရကီအစိုးရ တာဝန်ရှိသူတစ်ဦးက “ကုန်တင်သင်္ဘောတစ်စင်းကို အကြံပြု ခြင်း (သို့မဟုတ်) မှားယွင်းနေခြင်း စသည့် သံသယရှိမှသာ စစ်ဆေးကြောင်း” ဖြေကြားခဲ့သည်။
ရုရှားတပ်ဖွဲ့၀င်များကိုတွေ့ရစဉ် (GETTY IMAGES)
ထိုသို့ အခြေအနေနှင့်ပတ်သက်၍ တူရကီတာဝန်ရှိသူများနှင့် အမေရိကန်တို့ စကားပြောခဲ့ခြင်း ရှိ/မရှိဆိုသည့် သဘောထား မှတ်ချက်ကိုတော့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားရန် ငြင်းဆန်ခဲ့သည်။
အလားတူ ကရင်မလင်သမ္မတနန်းတော်နှင့် အော်ဘိုရိုလော်ဂျစ်စတစ်ကာတို့ကလည်း မှတ်ချက်ပေးရန် တောင်းခံခြင်းကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။
သေချာသည်မှာ ရုရှားနိုင်ငံတွင် သမ္မတပူတင် ကြီးကြပ်၍ ဆယ်စုနှစ်တစ်ခုကြာ ခေတ်မီတိုးတက်ရေး အစီအစဉ်များ၌ လက်နက် သိုလှောင်ရုံ အမြောက်အမြား တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုစစ်ပွဲ၌ လက်နက် ထောက်ပံ့ရေး အစီအစဉ်များကိုတော့ ကရင်မလင် တာဝန်ရှိသူများက ထုတ်မပြောကြပေ။
ဆယ်စုနှစ်များစွာ သက်တမ်းရင့်နေပြီဖြစ်သည့် T-62 တင့်ကားနှင့်သံချပ်ကာယာဉ် အများအပြား ဆုံးရှုံးရခြင်းသည် မော်စကို အပေါ် စစ်လက်နက်ပစ္စည်းများ ထပ်မံသိုလှောင်ရန် တွန်းအားဖြစ်စေခဲ့ကြောင်း အမေရိကန်နှင့်ဥရောပ အစိုးရအရာရှိများက ပြောကြားခဲ့ကြသည်။
အထူးသဖြင့် စစ်ပွဲအစတွင် မိမိထက် သာလွန်အင်အားရှိသော ရန်သူနှင့် ထောက်ပို့ဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရသော် လည်း ယူကရိန်း၏ စစ်ရေးဆုံးရှုံး ပမာဏကို ရုရှားကဲ့သို့ပင် ထုတ်မပြောခဲ့ပေ။
ပြီးခဲ့သည့် မေလမှ ဇွန်လအတွင်း စစ်မြေပြင် သေဆုံး/ဒဏ်ရာရသူ စာရင်းမှာ နေ့စဉ် ၁၀၀ မှ ၂၀၀ အထိ ရှိသော်လည်း တစ်ရက်လျှင် အရေအတွက် ၃၀ ခန့် ကျဆင်းသွားကြောင်း ဝေါစထရိဂျာနယ်နှင့် ဇူလိုင် ၂၂ ရက် အင်တာဗျူးတွင် ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ပြောကြားခဲ့သည်။ ထိုအရေအတွက်ကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
အမေရိကန်ထံမှ ယူကရိန်းရသည့် ဟိမာ့စ် (HIMARS) တာဝေးပစ် လက်နက်ကြီး (GETTY IMAGES)
၂၀၁၅ ခုနှစ်တွင် ပူတင်သည် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ်ကို ကျားကန်ပေးရန်အတွက် စစ်ဆင်ရေး အမိန့်ပေး ပြီးနောက် ဆီးရီးယားမြေပေါ်သို့ ရုရှားတပ်များ ပို့ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ဆီးရီးယား၌ တိုက်လေယာဉ်များ၊ လေဆာပဲ့ထိန်း ဒုံးကျည်များ၊ တင့်ကားများ၊ အီလက်ထရောနစ် စစ်ဆင် ရေး နည်းလမ်းများနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ အပါအဝင် အဆင့်မြင့် စစ်လက်နက် အမျိုးအစား ၁၆၀ ကို စမ်းသပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂုက ပြောကြားခဲ့သည်။
ကရင်မလင်သည် နောက်ထပ် စစ်လက်နက်ရနိုင်မည့် အရင်းအမြစ်များကို ကမ္ဘာ့အခြား နေရာများတွင်လည်း ရှာဖွေနေသည်။
ယူကရိန်းကို စေလွှတ်မည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်အင်အား ၂၀၀၀ အထိ လျှော့ချလိုက်သည့် သတင်းကို မော်စကိုက ငြင်းဆန်နေသည့်ကြားမှပင် မကြာသေးမီ ရက်သတ္တပတ်များအတွင်း နာဂေါ်နို-ကာရာဘတ်ချ်ဒေသအတွက် အာမေးနီးယားနိုင်ငံနှင့် အဇာဘိုင်ဂျန်တို့ တင်းမာမှုဖြစ်ခဲ့ကြသည်။
၂၀၀၈ စစ်ပွဲ ပြီးကတည်းက ထောင်နှင့်ချီသော စစ်သားများကို ထားရှိသည့် ဂျော်ဂျီယာခွဲထွက်ဒေသ တောင်ပိုင်း အိုဆက်တီ ယားမှ ရုရှားစစ်သားအချို့ကို ယူကရိန်းသို့ လမ်းကြောင်းပြောင်း၍ ပို့ပေးခဲ့ကြောင်း အမေရိကန်က ပြီးခဲ့သည့် မတ်လတွင် ပြောကြားခဲ့သည်။
တဖန် လက်နက်တင်ဆောင်ထားသည့် မောင်းသူမဲ့လေယာဉ်(ဒရုန်း) များ ဝယ်ယူရန် ရုရှားက အီရန်ထံသို့ ခြေဦးလှည့်လာ ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ညွှန်ကြားရေးမှူး ဝီလျံဘန့်စ်က ယခင်လ အမေရိကန် လုံခြုံရေးဖိုရမ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယနေ့ ရုရှား၏ ကာကွယ်ရေးပစ္စည်းထုတ် စက်မှုလုပ်ငန်းများ၏ ချို့ယွင်းအားနည်းချက်နှင့် သိသာထင်ရှားသော ဆုံးရှုံးများ ကြောင့် မော်စကို ရင်ဆိုင်နေရသော အခက်အခဲများကိုပါ ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အသင့်အတင့် အရည်အသွေးရှိသော စနစ်များ တပ်ဆင်နိုင်ပြီဖြစ်သည့် မြောက်ကိုရီးယားသည်လည်း အမြောက် လက်နက် ရရှိရေး ရင်းမြစ်အသစ်တစ်ခု ဖြစ်လာနိုင်သည်။ အကြောင်းမှာ ယခင်လ၌ မြောက်ကိုရီးယားသည် ယူကရိန်းအရှေ့ပိုင်းရှိ ကရင်မလင် ထိန်းချုပ်ရာ ဒွန်နက်စ်နှင့်လူဟန့်စ် သမ္မတနှစ်နိုင်ငံ၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့၍ ဖြစ်သည်။
ယူကရိန်းစစ်မြေပွဲကိုတွေ့ရစဉ် (GETTY IMAGES)
မြောက်ကိုရီးယား၏ အလားအလာကိုတော့ ရုရှားကာကွယ်ရေးမူဝါဒ ကျွမ်းကျင်သူတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် ပူတင်သိမ်းခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်ရှိ အခြေစိုက် စခန်းများကို ပြန်လည်ထောက်ပံ့ရန် နိုဗိုရိုစီယက်ခ် ဆိပ်ကမ်းကို သုံးနေသဖြင့် ယင်းဆိပ်ကမ်းသို့ပင် ဆီးရီးယားမှ ရုရှားသင်္ဘောများ အလုံးစုံထောက်ပံ့ ပို့ဆောင်ရေး ဝင်ရောက် နိုင်ဖွယ်ရှိကြောင်း၊ ထိုမှတဆင့် ယူကရိန်းတောင်ပိုင်းရှိ ခါဆွန်နှင့်ဇာပိုရေဇီးယားဒေသများကို ရုရှား သိမ်းပိုက်ရန် ကြံရွယ်နေ ကြောင်း ဥရောပထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောသည်။
ခါဆွန်ဒေသတွင် တန်ပြန်ထိုးစစ်ဆင်မည်ဟု ယူကရိန်းက ခြိမ်းခြောက်နေ၍ ရုရှားသည် မကြာသေးမီက ခရိုင်းမီးယား ဘက်ခြမ်းသို့ တပ်ဖွဲ့ဝင်နှင့် စစ်လက်နက်များ ပြန်ချထားခဲ့သည်။
ယူကရိန်းတောင်ပိုင်းသို့ တပ်စွဲပြင်ဆင်ရာ၌ ခရိုင်းမီးယားသို့ တပ်အင်အားများ အရွှေ့အပြောင်းလုပ်သည်။ ရုရှားစစ်သား ၈၀၀ မှ ၁၀၀၀ ခန့်အထိ ပါဝင်သော နည်းဗျူဟာအဖွဲ့ ၈ ဖွဲ့ကို အရှေ့ပိုင်း ဒွန်ဘတ်စ်မှ ပြန်ခေါ်ခဲ့သည်။
မကြာသေးမီက အမေရိကန်ထံမှ ရသည့် ဟိမာ့စ် (HIMARS) တာဝေးပစ် လက်နက်ကြီးများဖြင့် ယူကရိန်းတပ်များသည် ရုရှားထောက်ပံ့ရေး လမ်းကြောင်းနှင့် ဖိုခနောက်ဆိုင် ခဲယမ်းမီးကျောက် ယာယီဂိုဒေါင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများ တိုးမြှင့်လာနိုင်ခဲ့သည်။
ပူတင်သည် အတုံးအတစ်လိုက် ဝါဒဖြန့် စည်းရုံးနည်းဖြင့် ၎င်းစစ်တပ်ကို အားကောင်းစေဖို့ မကြိုးစားခဲ့ပေ။ အကြောင်းမှာ ၎င်း သည် ရုရှားလူထု၏ လက်တကမ်းအကွာတွင် ရှိနေသော စစ်ပွဲကုန်ကျစရိတ်များ သိရှိသွားနိုင်သည့် အန္တရာယ်ကို ကြိုမြင်နေ၍ ဖြစ်သည်။
သို့သော် ဒေသအလိုက် တာဝန်ရှိသူများကို ကာလတို စာချုပ်များဖြင့် အပျော်တမ်း စစ်မှုထမ်း လုပ်အားပေးရန်အတွက် ပြည်သူများထံသို့ ငွေသားမက်လုံးများ ပေးရန် ညွှန်ကြားထားသည့်အပြင် ဒူးမား အောက်လွှတ်တော်ကလည်း စစ်မှုထမ်းရန် အသက်ကန့်သတ်ချက်ကို ပယ်ဖျက်၍ နောက်ဆုတ်ပေးခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ပူတင် (GETTY IMAGES)
ရုရှားအစိုးရသည် ကာကွယ်ရေးပစ္စည်းထုတ် ကုမ္ပဏီများတွင် ဝန်ထမ်းစည်းကမ်းများ ဖြေလျော့ပေး၍ လက်နက် ထုတ်လုပ် ရေး မြှင့်တင်ရန် ယခင်လ၌ လှုံ့ဆော်ပေးခဲ့သည်။ ရေတိုလက်နက်များနှင့် စစ်သုံးကိရိယာများ မွမ်းမံထိန်းသိမ်းရေးမှာလည်း အရေးတကြီး လိုအပ်လာခဲ့သည်။
ရုရှား၏ စစ်ဘက်နည်းပညာပိုင်းတွင် အမေရိကန်၊ ဥရောပနှင့် အရှေ့အာရှဒေသတို့တွင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသော အနုစိတ် အီလက်ထရောနစ် စက်ပစ္စည်း အစိတ်အပိုင်းများကို မှီခိုအားထားနေရကြောင်း လန်ဒန်မြို့၊ တော်ဝင်ယူနိုက်တက် ဝန်ဆောင်မှုသိပ္ပံ၏ အစီရင်ခံစာအရ သိရသည်။
ထိုအစီရင်ခံစာကို ယူကရိန်းစစ်မျက်နှာတွင် ရုရှားတို့သုံးခဲ့သည့် စစ်လက်နက် ပစ္စည်း အကြွင်းအကျန် သဲလွန်စများကို စုဆောင်း၍ ဆန်းစစ် ပြုစုထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရုရှား၏ လက်နက် ထုတ်လုပ်သည့် နည်းစနစ်သည် နိုင်ငံခြားနည်းပညာကို အလွန်အမင်း မှီခိုနေရကြောင်း အစီရင် ခံတွင် ကောက်ချက်ချထားသည်။
ရုရှားသည် ယူကရိန်းတွင် စစ်အင်အား ထပ်မံဖြန့်ကြက်ရန် ကြိုးစားနေသော်လည်း ယူကရိန်းအရှေ့ပိုင်းမှ ၎င်း၏စစ်ရေး တိုးတက်မှုမှာ မကြာသေးမီ ရက်ပိုင်းအတွင်း အကန့်အသတ်နှင့် နှေးကွေးနေသေး ကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက်က ဆိုသည်။
မော်စကို စီးပွားရေးတက္ကသိုလ်မှ ရုရှားစစ်ရေးကျွမ်းကျင်သူ ဗက်စီလီကာရှင်ကတော့ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ရုရှား၏ အရင်း အမြစ်များကို လျှော့မတွက်သင့်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း မြောက်ကိုရီးယားတွင် ရုရှားဒုံးကျည်များထက် ပိုမို အားကောင်းသော တာဝေးပစ်စနစ်များ ရှိကြောင်း သတိပြုမိ၍ လက်နက်တင်သွင်းခြင်းသည် အကျိုးရှိနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“သေချာပါတယ်။ ရုရှားဟာ စစ်မြေပြင်မှာ ပြဿနာတချို့ရှိပေမယ့် ယူကရိန်းနဲ့စစ်အတွက် လက်နက်တွေ ဘယ်လို သွင်းနေ တယ်ဆိုတာ သက်သေသက္ကာယ အခိုင်အမာ မပြနိုင်ကြပါဘူး။ ဒါပေမယ့် သွင်းသင့်လို့ သွင်းနေတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဗက်စီလီကာရှင်က မှတ်ချက်ချခဲ့သည်။
Source: Bloomberg