CNI Article

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈

မူရင်းဆောင်းပါးရှင်-Yupina Ng

၁၉၇၀ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်း ဆောင်းဦးပေါက်ပွဲ အကြိုနေ့ တစ်နေ့ကပေါ့။ ကျမရဲ့ ဖေဖေဟာ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကို အသိမပေးဘဲ အဲဒီတုန်းက ဗြိတိသျှကို လိုနီဖြစ်နေတဲ့ ဟောင်ကောင်ကျွန်းကို ရောက်ဖို့ ညဘက် ကုန်တင် ရထား တစ်စီးပေါ်က သေတ္တာတွေကြားထဲ ခိုးဝင်အိပ်ရင်း သူ့ရဲ့မွေးရပ်မြေ တရုတ်ပြည်မကြီးကနေ ထွက် ပြေး လာခဲ့ပါတယ်။

အဲဒီလိုနဲ့ ဖေဖေ စီးလာတဲ့ရထားပေါ်မှာ ထိုင်ဝမ်အဆိုတော် ထရီဇာတန် (Teresa Teng)ရဲ့ သီချင်းတွေကို ရုတ်တရက် ကြားလိုက်ရတော့ ဖေဖေဟာ သူ့ကိုယ်သူ ဟောင်ကောင် ရောက်နေပြီဆိုတာ သိလိုက်ပါတော့တယ်။ အဲဒီတုန်းက ထိုင်ဝမ် သီချင်းဆိုရင် တရုတ်ပြည်မကြီးမှာက တားမြစ်ထားတာလေ။

ဟောင်ကောင် ကျေးလက်ဒေသတစ်ခုကို ရထားဆိုက်တော့ ဖေဖေ ခုန်ဆင်းလိုက်ပြီး မြို့လယ်ခေါင်ကို ရောက်သွားပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဟောင်ကောင်မှာ ဆက်ပြီး နေထိုင်ခွင့်ပြုထားတဲ့ ကိုလိုနီခေတ် အင်္ဂလိပ် အစိုးရက ချမှတ်ထားတဲ့ မူဝါဒကို အခွင့်ကောင်းယူပြီး ရွှေ့ပြောင်း နေထိုင်သူတွေ အင်မတန် များလာတာကြောင့် ကျေးလက် ဒေသတွေကနေ မြို့ပြဆီသွားတဲ့ လမ်းတလျှောက် လုံခြုံရေး တင်းကျပ်ထားပါတယ်။

ဖေဖေဟာ ဖိနှိပ်ချုပ်ချယ်လွန်းတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ လှောင်အိမ်ထဲကနေ နောက်ဆုံးမှာ ကောင်းကောင်းမွန်မွန် လွတ် မြောက်သွားခဲ့ပြီး အာရှရဲ့ စီးပွားရေး အတိုးတက်ဆုံး နိုင်ငံတွေမှာ သူ့ဘဝကို ကမ္ဘာသစ်တစ်ခုဆီ ဖန်တီးနိုင်ခဲ့တယ်လို့ ခံယူခဲ့ ပါတယ်။

ဒါပေမယ့် ဒီနှစ် အစောပိုင်းမှာတော့ ဖေဖေနဲ့ကျမဟာ ကိုလိုနီခေတ်လွန် ဟောင်ကောင်ကနေ ထွက်ခွာခဲ့ရပြီး ပြီးခဲ့တဲ့ ရာစုနှစ် ထက်ဝက် လောက်တုန်းက ကုန်တင်ရထား တစ်စီးပေါ်ကနေ ဖေဖေ ရုန်းထွက်လာခဲ့တဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ မူဝါဒတွေ တစ်ထပ် တည်း ကျတုန်းဖြစ်တဲ့ အစိုးရတစ်ရပ် လက်အောက်ကနေ ထပ်ပြီး ရုန်းထွက်လာရ ပြန်ပါတော့တယ်။

မကြာသေးမီ နှစ်တွေအတွင်းမှာ တရုတ်အစိုးရဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ဘဏ္ဍာရေးဆုံချက်လို့ မှတ်ယူကြတဲ့ ဟောင်ကောင်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်လာခဲ့သလို အထူးအုပ်ချုပ်ခွင့်ရဒေသထဲက အတိုက်အခံတွေကို ဆက်တိုက် နှိပ်ကွပ်ခဲ့ပါတယ်။

ပုံ-ဒီမိုကရေစီအရေး ဟောင်ကောင်သူ/သားများ ဆန္ဒပြနေစဉ် လုံခြုံရေးတပ်ဖွဲ့များနှင့်ထိပ်တိုက်တွေ့။ (Anthony Kwan)

ဟောင်ကောင်ဖွား သတင်းထောက် တစ်ယောက်အနေနဲ့ ပြောရရင်တော့ ၁၉၈၄ ခုနှစ် တရုတ်-ဗြိတိန် ပူးတွဲ ကြေညာ စာတမ်း ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ကျမတို့ နိုင်ငံသား လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ တဖြည်းဖြည်း ယိုယွင်း လာတာ ကျမကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပါတယ်။ အဲဒီ ပူးတွဲကြေညာစာတမ်းဟာ ဟောင်ကောင်ကျွန်းကို အင်္ဂလိပ် လက်က နေ တရုတ်တို့လက်ထဲ ပြန်ထည့်ပေးဖို့ နှစ်ဘက်သဘောတူပြီး ကြေညာခဲ့ကြတာပါ။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှာ ဘေဂျင်းဟာ ပြင်းထန်လှတဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်မှာ ပြဋ္ဌာန်းပြီးတဲ့ နောက်မှာတော့ အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။ အဲဒီဥပဒေသစ်အရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုနဲ့ နိုင်ငံရေး အတိုက် အခံများကို ဖိနှိပ်ချုပ်ချယ်ထားပါတယ်။ ခွဲထွက်ခြင်း၊ အဖျက်သမား၊ အကြမ်းဖက်မှု၊ နိုင်ငံခြားတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင် ရွက်ခြင်း စတဲ့ ဥပဒေထဲမှာပါတဲ့ ငြိစွန်းမှုတွေ ရှိလာရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရမယ်ဆိုပြီးတော့ ဘေဂျင်းက အင်မတန် တင်းကျပ်လာခဲ့ပါတယ်။

အဲဒီဥပဒေဟာ ဟောင်ကောင်သူ၊ ဟောင်ကောင်သားတို့အတွက် အခြေခံ အကျဆုံး လူထုလွတ်လပ်မှုနဲ့ အေးချမ်းမှုတို့အပေါ် ထိခိုက်စေခဲ့ပြီး ကျမတို့လို သတင်းထောက်တွေအတွက် ကိုယ့်အလုပ် ကိုယ်လုပ်ဖို့တောင် မဖြစ်နိုင်လုနီးပါး ဖြစ်လာခဲ့ပါတော့ တယ်။

ယခုလ အစောပိုင်းက ဟောင်ကောင် နိုင်ငံခြား သတင်းထောက်များကလပ်မှ အမည်မဖော်လိုသည့် စစ်တမ်းတစ်ခု ကောက် ယူခဲ့ရာတွင် ဘေဂျင်း၏ ယခု အမျိုးသားလုံခြုံရေးဥပဒေအောက်တွင် ဟောင်ကောင်အခြေစိုက် သတင်းသမား ၉၉ ဦး၏ ထက်ဝက်နီးပါး (၄၆ ရာခိုင်နှုန်း)ဟာ သတင်းလွတ်လပ်ခွင့် ကျဆင်းလာတာမို့ ဟောင်ကောင်ကို စွန့်ခွာရန် စဉ်းစားနေ (သို့မဟုတ်) အစီအစဉ် ရှိနေကြကြောင်း ပါဝင်ဖြေဆိုခဲ့ ကြသည်။

တချိန်တည်းတွင် ဖြေဆိုသူ ၈၄ ရာခိုင်နှုန်းက မြို့တွင်း၌ သတင်းမီဒီယာ လုပ်ငန်းခွင် အခြေအနေ ဆိုးလာခဲ့ကြောင်းနှင့် ကျန် ၅၆ ရာခိုင်နှုန်းတို့က ဥပဒေ အတည်ပြုပြီးသည်နှင့် မိမိကိုယ်ကို ဆင်ဆာလုပ်ပြီး တည်းဖြတ်နေရကြောင်း ထုတ်ဖော် ဝန်ခံခဲ့ ကြပါတယ်။

ဒါပေမယ့် ဥပဒေသက်ရောက်မှုကတော့ သတင်းလွတ်လပ်ခွင့်ကို ဟန့်တားဖို့ ကန့်သတ်ထားတာ မပါပါဘူး။ ဟောင်ကောင်မှာ သတင်းထောက်တွေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း စကားပြောခဲ့ဖူးတဲ့ မရေမတွက်နိုင်တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီ လိုလားတဲ့ လွှတ်တော်အမတ်တချို့ဟာ ထောင်ထဲမှာပဲ ဖြစ်ဖြစ်၊ ပြည်နှင်ဒဏ် ခံရတာပဲဖြစ်ဖြစ် စတဲ့ ပြစ်ဒဏ်တွေကို ရင်ဆိုင် နေကြရပါတယ်။

ပုံ-လုံခြုံရေးတွေကြားက လက်နှစ်ဖက် မြောက်နေတဲ့ အမျိုးသမီးငယ်။(AFP)

အရင် အောက်တိုဘာလတုန်းက လူ့အခွင့်အ‌ရေးဆိုင်ရာ NGO အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty Internatioanal) ဟာ ဟောင်ကောင်က သူ့ရဲ့ရုံးခွဲနှစ်ခုကို ၂၀၁၂ ခုနှစ် အကုန်ပိုင်းကျရင် ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက် တဲ့ အကြောင်း ကြေညာခဲ့ပါတယ်။ အခု ဥပဒေသစ်အရ သူ့ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို စိုးရိမ်တာကြောင့်လို့လည်း အဲဒီအဖွဲ့ က ပြောပါတယ်။

ဟောင်ကောင် ဒီမိုကရေစီရဲ့ ဗဟိုဆုံချက်ဖြစ်တဲ့ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ဥပဒေပြုရေးကောင်စီ (LegCo) ဟာ အခုဆိုရင် အတိုက်အခံ မရှိတော့ဘဲ အဓိပ္ပါယ်ကင်းမဲ့စွာနဲ့ တရုတ်ထင်သလို ချယ်လှယ်နိုင်ပြီ ဖြစ်ပါတယ်။

LegCo ဥက္ကဋ္ဌ အင်ဒရူးလျောင်ရဲ့ အဆိုရ LegCo ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အစိုးရဥပဒေမူကြမ်းပေါင်း ၄၆ ခုကို အတည်ပြုခဲ့ပြီး အရင်နှစ်တွေထက် ပိုများခဲ့ပါတယ်။

 “နောက်ဆုံး တိမ်တွေရှင်းသွားတော့ အပြာရောင်ကောင်းကင်ကြီးကို အခုမြင်နေရပြီ” လို့ အမျိုးသားလုံခြုံရေးဥပဒေ အတည် ပြုပြီးနောက်မှာ လျောင်က ကောက်ချက်ချခဲ့ပါတယ်။

ဒါ့အပြင် သူ့ကို ဆူဆူပူပူလာမယ့် လူငယ်တွေကို နှိမ်နင်းဖို့ တရုတ်အစိုးရဟာ မြို့တော်ရဲ့ကျောင်းတွေကို စတင် အသုံးချနေပြီ ဖြစ်ပါတယ်။ ဟောင်ကောင်က ကျောင်းတွေအားလုံး တရုတ်အလံကို အချိန်တိုင်း လွှင့်တင်ထားရမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်ကနေ စတင်လို့ အပတ်စဉ် အလံတင် အခမ်းအနားတွေ မဖြစ်မနေ လုပ်ခိုင်းပါတယ်။

လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ဟာ ဟောင်ကောင်ရဲ့ နောက်ဆုံး ခုခံနိုင်တဲ့ နေရာတစ်ခု ဖြစ်သင့်ပေမယ့်လည်း တရား သူကြီးတွေ အနေနဲ့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှု ထိန်းသိမ်းဖို့နဲ့ မြို့တော်နေ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ကာကွယ် ဖို့ ပိုပြီး အခက်အခဲ တွေ့လာခဲ့ပါတယ်။

တရုတ်အကျိုးစီးပွားအတွက် ဦးစားပေးမှုမရှိဘဲ စီရင်ချက် ချတာမျိုးဆိုရင် တရားသူကြီးတွေအပေါ် တရုတ်အစိုးရ မီဒီယာနဲ့ ဘေဂျင်း သစ္စာစောင့်သိသူတွေက ပုံမှန်ပစ်မှတ်ထားလေ့ ရှိပါတယ်။

ပုံ-လုံခြုံရေးတွေ့ ရှေ့က ဖြတ်လျှောက်နေတဲ့ အမျိုးသမီးငယ်များ။(AP)

ဥပမာပြောရရင် ၂၀၁၉ ခုနှစ်က သီးခြားအမှုနှစ်မှုမှာ ဒီမိုကရေစီလိုလားသူ ၁၄ ဦးကို တရားသေလွှ တ်ပေးခဲ့တဲ့ ခရိုင်တရား သူကြီး ရှမ်ရှူမန်းဟာ တရုတ်အမျိုးသားရေးဝါဒီတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီး ခြိမ်းခြောက်မှုနဲ့ကြုံတွေခဲ့တာမျိုးပါ။ ဒီလိုနဲ့ ရှမ်ရှူမန်းဟာ အသက် ၅၉ နှစ်မှာပဲ စောစောစီးစီး ပင်စင်ယူဖို့ လျှောက်ထားလိုက်ပြီး မိသားနဲ့အတူ ဗြိတိန်ကို ပြောင်းရွှေ့ နေထိုင်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ကြားရပါတယ်။

ဟောင်ကောင်မှာ နေဖြစ်ခဲ့တဲ့ နောက်ဆုံးနှစ်တွေ အနည်းငယ် အတွင်းမှာတော့ ကျမအနေနဲ့ ရဲတွေရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်တာ ခံနေရတဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ခဲ့မိပေမယ့် မကူညီနိုင်ခဲ့ပါဘူး။ ၂၀၁၉ ခုနှစ်တုန်းက တရားခံ လွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ဟောင်ကောင် လမ်းမတွေပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေ အရင်က ထက် ပိုများလာခဲ့ပါတယ်။

အခု လူထုဆန္ဒပြမှုတွေ ပြီးဆုံးသွားပေမယ့်လည်း ရဲတွေကတော့ ရထားဘူတာရုံတွေ၊ အစိုးရ အဆောက်အဦတွေရဲ့ အပြင် ဘက်တွေမှာ ကင်းလှည့်နေပြီးတော့ အရင်ဆန္ဒပြပွဲတွေတုန်းက ဗဟိုနေရာဖြစ်ခဲ့တဲ့ မြို့တော် အစိတ်အပိုင်းတချို့မှာ မကြာ ခဏ သွားလာနေကြပါတယ်။

အထူးသဖြင့် လူငယ်တွေဆိုရင် ရဲတပ်ဖွဲ့ဝင်တွေက ရပ်တန့်ခိုင်းပြီး ရှာဖွေမှုတွေ လုပ်တာတွေ အဖြစ်များလာခဲ့ပါတယ်။

ဟောင်ကောင်သူ၊ ဟောင်ကောင်သား တော်တော်များများကတော့ ဟောင်ကောင်ကို စွန့်ခွာပြီး ဗြိတိန်မှာ သူတို့ရဲ့ ဘဝ စာမျက်နှာ အသစ်ဖွင့်ဖို့ ခဲယဉ်းတဲ့ ဆုံးဖြတ်ချက်တွေ ချရပါတော့တယ်။

ဟောင်ကောင်လေဆိပ်မှာ သူငယ်ချင်းတွေကို နှုတ်ဆက်ရင်း “ငါ နင်တို့ကို လွမ်းနေမိမှာပဲဟယ်” လို့ပဲ ကျမ ပြောခဲ့မိပါတယ်။ ကျမလိုပဲ ဘေးမှာရှိနေတဲ့ ကောင်မလေး တစ်ယောက်ကလည်း သူ့အဖေရဲ့ ပခုံးပေါ် ငိုချလိုက်ရင်း ဝမ်းကွဲ ညီအစ်ကို မောင်နှမတွေကို လက်ဝှေ့ယမ်း နှုတ်ဆက်နေတာ တွေ့လိုက်ရပါသေးတယ်။

အဲဒီအချိန်မှာပဲ အဘွားအို တစ်ယောက်က ဗြိတိန်ကို လေယာဉ်နဲ့ သွားတော့မယ့် မြေးတွေအတွက် ကံကောင်းခြင်း အထိမ်း အမှတ် အနီရောင် အထုပ်ကလေးတွေကို အဆောင်လက်ဖွဲ့အနေနဲ့ ထည့်ပေးနေပါတယ်။ သူ့မြေးတွေရဲ့ အဖေ၊ အမေ တွေက တော့ မျက်ရည်ထိန်းနိုင်အောင် မနည်း အားတင်းထားရပုံ ရပါတယ်။

ပုံ-လုံခြုံရေးတပ်ဖွဲ့များနဲ့အချင်းများနေစဉ်။(GETTY IMAGES)

ဒီလိုကြေကွဲစရာ မြင်ကွင်းတွေဟာ အဆန်းတော့ မဟုတ်ပါဘူး။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အချုပ်အနှောင်ကနေ လွတ် မြောက်ဖို့အတွက် ဟောင်ကောင်လေဆိပ်မှာ လူတွေဟာ နေ့တိုင်းလိုလို သူတို့ချစ်ရသူ၊ ခင်ရသူတွေနဲ့ နှုတ်ဆက် ခွဲခွာစကား တွေ အမြဲပြောနေကြရပါတယ်။

ဒါပေမယ့် ဟောင်ကောင် အာဏာပိုင် ကယ်ရီလမ်ကတော့ မြို့နေပြည်သူတွေ ထောင်နှင့်ချီပြီး နိုင်ငံခြား  ထွက်ပြေးရတဲ့ အချက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပုံရပါတယ်။ အလားတူ အခြေချ ရွေးချယ်နေထိုင်မှု လမ်းကြောင်းကို ဟောင်ကောင် သမိုင်းမှာ အရင်ကလည်း အကြိမ်ကြိမ် တွေ့ခဲ့ရကြောင်း၊ တကယ်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ သာယာဝပြောတဲ့ အနာဂတ်ရှိပါကြောင်း ကယ်ရီလမ်က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ကယ်ရီလမ်အနေနဲ့ ဟောင်ကောင်သမိုင်းကို တကယ်တမ်း  ပြန်ကြည့်ရင် ၁၉၆၁ ခုနှစ် မှတ်တမ်းတွေနဲ့ သူ အုပ်ချုပ်နေတဲ့ မြို့ရဲ့ လက်ရှိကာလကို နှိုင်းယှဉ်ကြည့်ရင် အခုလို လူဦးရေ အဆမတန် ထိုးကျသွားတာမျိုး သူသဘော ပေါက်မှာ ဖြစ်ပါတယ်။

ဟောင်ကောင်လူဦးရေဟာ အရင်နှစ်လယ်က ၇ ဒသမ ၄၈ သန်းရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် နှစ်လယ်မှာတော့ ၇ ဒသမ ၃၉ သန်းအထိ ကျသွားခဲ့ပါတယ်။ ဟောင်ကောင်မှာ နေထိုင်သူတွေရဲ့ အသားတင် ထွက်ပြေးမှု အရေအတွက်ဟာ ၂၀၂၁ ခုနှစ် နှစ်လယ်မှာပဲ ၈၉,၂၀၀ ရှိနေပြီ ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ဖေဖေ လွတ်မြောက်ခဲ့တယ်လို့ ထင်ခဲ့မိတာ အခုတော့ ပြန်ဖမ်းမိသွားပြီ … သမီးရေ” လို့ ကျမတို့ ဟောင်ကောင်ကနေ ထွက်ခွာလာတုန်းမှာ ‌ဖေဖေက တရုတ်ကွန်မြူနစ်ပါတီကို ရည်ညွှန်းပြီး ညည်းညူသွားခဲ့ ပါတယ်။

(အယ်လ်ဂျာဇီးယား သတင်းဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၁၉ ရက်နေ့ ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Yupina Ng ၏ Why I left Hong Kong ဆောင်းပါးကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်လိုက် ပါသည်)

(မူရင်းဆောင်းပါးရှင် - Yupina Ng သည် လန်ဒန်အခြေစိုက် နေထိုင်သူဖြစ်ပြီး အာရှ-ပစိဖိတ်ရေးရာများကို ဦးစားပေး လေ့လာနေသော အလွတ်တန်း သတင်းသမားတစ်ဦး ဖြစ်သည်)