- By CNI
- Category: ရာသီဉတု
- Hits: 2253
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၈
ရခိုင်ပြည်နယ်သို့ ဖြတ်သန်းဝင်ရောက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ဒေသခံများအပါအဝင် တောင်သူများ၏ နေအိမ်နှင့် စိုက်ခင်းများမှာလည်း ပျက်စီးသွားသည့်အတွက် ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးမှု ပုံမှန်ထက် ပို၍ လျော့ကျသွားနိုင်ကြောင်း ရခိုင်ပြည်နယ်ရှိတောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ပုံမှန်ကာလများတွင် ဇွန်လနှင့် ဇူလိုင်လတို့တွင် မိုးစပါးစတင်စိုက်ပျိုးရန်အတွက် လက်ရှိအချိန်၌ တောင်သူများ ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်လျက်ရှိသော်လည်း ယခု တောင်သူများ၏ ပျက်စီးဆုံးရှုံးသွားသည့် အနေအထား များအရ ကာလတိုအတွင်း စိုက်ပျိုးနိုင်ရန်မှာ မလွယ်ကူလှကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူ လယ် သမား သမဂ္ဂမှ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
“တောင်သူတွေ အထူးသဖြင့် အခြေခံလူတန်းစားတွေကတော့ ဒီနှစ်မှာ မုတ်သုံရာသီပေါ့နော် မိုးစပါးစိုက်နိုင်မှု အနေအထားက တော်တော်လေးကို လျော့ကျသွားတဲ့ အနေအထားရှိတယ်။ အကြောင်းက ဘာလဲဆိုရင် သူတို့ရဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးကြတယ်။ နဂိုကတည်းက နလန်မထူနိုင်ကြတဲ့အနေအထားအောက်မှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ တော်တော်များများ ပျက်စီးသွားကြတဲ့အတွက်ကြောင့်ပေါ့ စပါးစိုက်ပျိုးတဲ့ရာသီမှာ တော်တော် လေးကို ထိခိုက်နိုင်တယ်လို့ ကျနော်တို့ သုံးသပ်တာရှိတယ်။ ကျနော်တို့က ဒီမုတ်သုံ မိုးရာသီကို အခြေခံပြီးတော့ စိုက်ပျိုးကြတဲ့ တောင်သူတွေဖြစ်တဲ့အတွက်ကြောင့် ရခိုင်တစ်ပြည်လုံးအတိုင်းအတာအရ။ အဲဒီ မိုးရွာတဲ့အချိန်မှာ ထွန်ယက်စိုက်ပျိုးမှု အဆင်သင့်မဖြစ်ခဲ့ဘူးဆိုရင် မိုးနှောင်းပိုင်းကာလရောက်မှ စိုက်တော့ ကျနော်တို့ အဆင်မပြေ နိုင်တော့ဘူး။ အခု ဒီကာလမှာက သူတို့က စားဝတ်နေရေး ရှင်းရှင်းပြောရရင် အိုးအိမ် နေထိုင်ရေးမှာ တော်တော် အခက်အခဲရှိတဲ့အတွက်ကြောင့် လယ်ယာမြေ လုပ်ငန်းခွင်ကို ရင်းနှီးမြှုပ်နှံဖို့အတွက်ကကြတော့ တော်တော်လေး ကို အခက်အခဲရှိနိုင်တယ် ပြောလို့ရတယ်။ အဲဒီတော့ အိုးအိမ်တွေနဲ့ ပစ္စည်းတွေ ဆုံးရှုံးနေတဲ့ အနေအထား အောက်မှာ မိုးစပါး စိုက်ပျိုးဖို့အတွက် အခြေခံလူတန်းစားတွေကတော့ အခက်အခဲအကြပ်အတည်း တွေ့လိမ့်မယ် ပေါ့။ ရာခိုင်နှုန်းအားဖြင့် ဆိုပါတော့ ဧက ၁၀ ရှိရင် ၅ ဧကထွန်နိုင်ဖို့အတွက်က မလွယ်လောက်ဘူးလို့ အဲဒီလို ခန့်မှန်းလို့ရတယ်” ဟု ၎င်းက ပြောသည်။

ကျောက်တော်မြို့ရှိ ပျက်စီးမှု အခြေအနေ
မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်ရှိ စိုက်ခင်းများ ပျက်စီးသွားသည့်အပြင် လယ်တဲများလည်း ပျက်စီး သွားကြောင်း၊ မိုးစပါးစိုက်ပျိုးရန်အတွက် နေအိမ်များတွင် သိုလှောင်ထားသည့် မျိုးစပါးများသည်လည်း ရေ ဝင်ရောက်မှု ခေါင်းမိုးများလှန်မှုကြောင့် ပျက်စီးသွားကြသည်များလည်းရှိကြောင်း သိရသည်။
ထို့သို့ မိုးရေစိုသွားသည့်အတွက်ကြောင့် လက်ရှိတွင် နေပူ၌ ပြန်၍ လှန်းနေရကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ အချို့ မြို့နယ်များတွင် နွေစပါးများအား အကုန်မရိတ်သိမ်းနိုင်ခဲ့ကြသဖြင့် မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် ပျက်စီးသွား သည့် နွေစပါးစိုက်ခင်းများ ရှိကြောင်းလည်း သိရသည်။
နွေစပါးပျက်စီးသွားသည့် တောင်သူများအနေဖြင့် စိုက်ပျိုးကုန်ကျထားသည့် ငွေပမာဏ အရင်းလောက်သာ ပြန်ရ နိုင်ပြီး ယခုနှစ် နွေစပါးတွင် တောင်သူများအတွက် အမြတ်ရရှိကြမည်မဟုတ်ကြောင်းလည်း ကျောက်တော်မှ စပါး စိုက်တောင်သူ ဦးမောင်ထွီးက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင်းရှိ နေအိမ်များပျက်စီးမှု
“အခုကတော့ နွေစပါးလုပ်တဲ့လူတွေက ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၇၀ ရာခိုင်နှုန်းလောက် ထိခိုက်သွားတာပေါ့။ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ရမယ်ဆိုရင်တော့ လူတွေက တော်တော် စိတ်ဓာတ်ကျနေကြတယ်။ အိမ်လည်း မရှိတော့ဘူး။ အိမ်ရှိပေမယ့် အခေါင်မရှိတာတို့ ဘာတို့။ နောက်ပြီးတော့ လယ်တဲလည်း မရှိတော့ဘူး။ အကုန်လုံး လုံးပမ်းနေရတယ်ဆိုတော့လေ အခုအချိန်မှာ အရင်အခါဆိုရင် မိုးစပါး မိုးကြိုထွန်တာတို့၊ နောက်ပြီးတော့ လယ်ယာ ကိရိယာတွေကို အဆင်သင့်လုပ်နေရတယ် ဒီအချိန်မှာ။ ဒါပေမယ့် ဒီမုန်တိုင်း တိုက်လိုက်တော့ အဓိက ကနေစရာရယ်၊ စားစရာရယ် လုံးပမ်းနေရတယ်။ မိုးစပါးထွန်ဖို့ဟာက အခုအချိန်မှာ အစီအစဉ် မချရသေးဘူးပေါ့” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် စပါးများ ယခုနှစ်အထွက်နှုန်း နည်းပါက လာမည့်နှစ်တွင် ဆန်စပါးဈေးနှုန်းမှာ အဆမတန် မြင့်တက်သွားမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်ရှိ တောင်သူများက သုံးသပ်သည်။
ထို့ကြောင့် ယခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရန်မှာ မလွယ်ကူသောကြောင့် အစိုးရ ဌာနဆိုင်ရာများအနေဖြင့် လာမည့် နှစ်တွင် တောင်သူများ အဆင်ပြေစွာ စိုက်ပျိုးနိုင်စေရန်အတွက် ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးရန်လည်း ရခိုင် တောင်သူများက မျှော်လင့်နေကြသည်။
- By CNI
- Category: ရာသီဉတု
- Hits: 2143
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၈
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့ရသော ရခိုင်ပြည်နယ်အတွင်းရှိ လူသားချင်းစာ နာထောက်ထားမှု အကူအညီများ လိုအပ်နေသူများထံသို့ နစက-က ပေးအပ်သည့် စားနပ်ရိက္ခာနှင့် အိမ် ဆောက်ပစ္စည်းများ မေလ ၁၇ ရက်နေ့က ရောက်ရှိလာကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သော ပစ္စည်းများ ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ MPT Mobile Van ကား ၁ စီး(၈ တန်)အား ကျောက်ဖြူမြို့ရှိ ကပ်သပြေကမ်းထိုးရပ်၌ တင်ဆောင်၍ မေလ ၁၆ ရက်က စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် ဆန် ၄၀၀ အိတ်နှင့် ပဲ ၄၀ အိတ် ၂၂ တန်တို့ကို စစ်တွေမြို့၌ တင်ဆောင်၍ မေလ ၁၆ ရက်က ရသေ့တောင်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။

MPT Mobile Van ကို တင်ဆောင်လာသည့် ကမ်းထိုးရေယာဉ်ကို တွေ့ရစဉ်
နစက-က “ တင့်ကားတင် ကမ်းထိုးရေယာဉ် ၁ စီစသည် ဘူးသီးတောင်မြို့ရျိ နယ်မြေခံတပ်မှ ထောက်ပံ့ရေး ပစ္စည်း ၄၈ ထုတ်၊ MILTRUCK ဂါလံ(၂၀၀၀) ဆံ့ကား ၂ စီး၊ DONE FENGE ရေသန့်စက်ကားကြီး ၁ စီး၊ HINO ရေသန့် စက်ကားကြိး ၁ စီး၊ SEINO TRUCK ၂ စီးနှင့် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်မှ ဆန် ၁၅၀ အိတ် စုစုပေါင်း ၅၃.၅ တန်တို့အား စစ်တွေမြို့မှ တင်ဆောင်၍ အငူမော်သို့ ပို့ဆောင်ပေးရန် ထွက်ခွာသွားခဲ့သည်”ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် စစ်ရေယာဉ်(ပြည်တော်အေး-၂)သည် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ ဆန် ၁၂၂၅၀ အိတ်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ သွပ် ၈၀၀၀ ချပ်၊ သွပ်သံ ၁၇ ဖာ၊ စားအုန်းဆီ ၁၁၄၄ ဖာ၊ သွား တိုက် ဆေးဗူး ၆၆၇ ဖာ၊ သွားတိုက်တံ ၈၀ ဖာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မှတ်ပုံတင် တောင်းခံလွှာပုံစံများ ၄၈ ထုပ်၊ မြန်မာ့မီးရထားမှ တာပေါ်လင် ၁၅ ချပ်၊ မီးစက် ၂ လုံး၊ ချိန်းဆော ၂ လက်၊ Water Pump ၁ ခု၊ ပို့ဆောင်ရေးမှ တာပေါ်လင် ၅ လိတ်၊ မီးစက် ၂ လုံး၊ ၃ မူးနိုင်လွန်ကြိုး ၃ ခွေ၊ ချိပ် ကွင်း ၁၀၀၀ ခုပါ ၁ ထုပ်၊ စက်ပစ္စည်း ၂ ထုပ်၊ ရိက္ခာခြောက်ဂျပ်ဖာ ၃ ခု၊ ဖယောင်းပုဆိုး ၁ လိတ်၊ မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆန် ၇၀ အိတ်၊ ဆီ ၇၀ ဗူး၊ ကော်ပုံးနှင့် ဒံအိုးများ စုစုပေါင်း ၆၆၀ တန်တို့ကို စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့သည်။
အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် ရေသန့်စက်ယာဉ် ၁ စီး၊ CANOPY အမိုးစိမ်း ၈၀ ထည်၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ၈ ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် ၂ စည်း စုစုပေါင်း ၁၇.၅ တန်ကို ပို့ဆောင်ပေးခဲ့သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကူညီကယ်ဆယ်ရေး အဖွဲ့သို့ အလှူငွေပေးအပ်နေစဉ်
ထို့အပြင် ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် ရေသယ်ယာဉ် ၁ စီး၊ CANOPY အမိုးစိမ်း ၈၀ ထည်၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ၇ ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် ၂ စည်း စုစုပေါင်း ၁၅ တန်ကို စစ်တွေမြို့၌ တင်ဆောင်၍ စစ်တွေ- ရေချမ်းပြင်- ရသေ့တောင် ခရီးစဉ်အတိုင်း ပို့ဆောင်ပေးခဲ့သည်ဟု နစက မှ သတင်းထုတ်ပြန်ခဲ့သည်။
စစ်ရေယာဉ်(မုတ္တမ)သည်လည်း ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မည့် တပ်ဖွဲ့များနှင့် လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်ထမ်း ၁၀၄ ဦးတို့ကို တင်ဆောင်၍ မေလ ၁၈ ရက်တွင် စစ်တွေမြို့သို့ ဆိုက်ကပ်ခဲ့သည်။
- By CNI News
- Category: ရာသီဉတု
- Hits: 1778
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၆
အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဖြတ်သန်း တိုက်ခတ်သွားခြင်းကြောင့် ဘုရားစေတီ များ ပျက်စီးခြင်းနှင့် ရေပြည့်ရေလျှံဖြစ်သွားခဲ့သော ရှေးဟောင်းယဉ်ကျေးမှု ပုဂံဒေသသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မေလ ၁၆ ရက်တွင် သွားရောက်ခဲ့သည်။
ထို့နောက် စူဋ္ဌာမဏိဂူဘုရားကြီး၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရားကြီး၊ ရွှေစည်းခုံစေတီမြတ်ကြီး တို့သို့ သွားရောက်၍ ရေဝင်ရောက်မှုများ နောင်မဖြစ်ပေါ်ရေး မြေများ ညှိရန်၊ ဖြေဖို့ခြင်းလုပ်ရန်၊ ရေထွက်ပေါက်များ လုပ်ရန်၊ ရှေးဟောင်းအမွေအနှစ် နံရံဆေးရေပန်းချီများ မပျက်စီးအောင် မှန်များ ကာရံရန် စသဖြင့် ပြောကြား သွားခဲ့သည်။
မေလ ၁၄ ရက်နှင့် ၁၅ ရက်များက တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဋ္ဌာမဏိဘုရား၊ ဓမ္မရာဇက ဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက် ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော် ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင်တောဘုရား တို့၌ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ပြီး ရှေးဟေင်းဘုရား/ အဆောက်အဦ ၈ ခုတွင် ထိခိုက် ပျက်စီးမှု တချို့ရှိခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
- By CNI News
- Category: ရာသီဉတု
- Hits: 1749
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၆
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် မေလ ၁၄ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖြတ်သန်းကာ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်၍ တိုက်ခတ်ခဲ့သည်။
အဆိုပါ မုန်တိုင်းကြောင့် ပြည်သူ ၂၁ ဦးသေဆုံးကာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရပ်ကွက်၊ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး ပျက်စီးခဲ့သည်။
ထို့နောက် သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံးလည်း ပျက်စီးခဲ့ကြောင်း နစက၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်ဒုက္ခသည် စခန်းများမှ မွတ်ဆလင်ဒုက္ခသည် ၄၀၀ ကျော် မုန်တိုင်းကြောင့် သေဆုံးခဲ့သည်ဟု သတင်းဌာနတချို့က ဖော်ပြနေသော်လည်း နစက-ကတော့ ထိုအခြေအနေနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။
မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသအဖြစ် မေလ ၁၄ ရက်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာ ခဲ့သည်။
ထို့နောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်၊ ဟားခါးမြို့နယ်၊ တီးတိန်မြို့နယ်တို့ကိုလည်း သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် မေလ ၁၆ ရက်တွင် ၎င်းက ကြေညာခဲ့သည်။
နစက ထုတ်ပြန်ချက်ကို တွေ့ရစဉ်
မုန်တိုင်းသင့် ဒေသများနှင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရွက်အတွင်း ပြည်တွင်း အလှူရှင်များက ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ လက်ခံရရှိခဲ့ရာ ရခိုင် ပြည်နယ် အား ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ကျပ်သိန်းပေါင်း ၇ သောင်း ထောက်ပံ့ပေးခဲ့သည်။
ကျန်အလှူငွေများကို ချင်းပြည်နယ်နှင့် တခြား မုန်တိုင်းသင့် ဒေသများသို့ ခွဲဝေ ထောက်ပံ့ပေးသွားရန် နစက-က ပြင်ဆင်ထားကြောင်း သိရသည်။
- By CNI
- Category: ရာသီဉတု
- Hits: 1443
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)ကြောင့် ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ရေး ဒေါ်လာ ၁ သန်း သုံးစွဲရန် ဘတ်ဂျက် သတ်မှတ်ထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)က ပြောသည်။
ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် NUG ၏ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးကို မေလ ၁၆ ရက်က ကျင်းပခဲ့ပြီး အထက် ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားသည်ကိုတွေ့ရစဉ်
ထိုအစည်းအဝေးတွင် “ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်သည့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့အား ပထမ ဦးစားပေးအနေဖြင့် ချိတ်ဆက် ဆောင်ရွက်ရန်၊ မုန်တိုင်းဒဏ် အခံရဆုံးဖြစ်သော ရခိုင်ပြည်နယ်တွင် အရေးပေါ် လိုအပ်ချက်များအတွက် သုံးစွဲနိုင်ရေး အရေးပေါ် ရန်ပုံငွေ ပံ့ပိုးဆောင်ရွက်ရန်၊ စစ်ကိုင်းတိုင်းတွင် မုန်တိုင်းကာလအတွင်း အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးရှောင်နေကြရသော ပြည်သူများ လိုအပ်သည့် အမိုးအကာများအတွက် ဖြည့်ဆည်းဆောင်ရွက်ရန်၊ ချင်းပြည်နယ်အတွက်လည်း မြေပြင်လိုအပ်ချက်များကို သိရှိအောင် ဆောင်ရွက်ပြီး ထပ်မံဖြည့်ဆည်း ဆောင် ရွက်ရန်၊ မုန်တိုင်းဒဏ်ခံ ဒေသများ၏ ဆေးဝါး လိုအပ်ချက်အတွက် လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက လျာ ထားပံ့ပိုးနေသည့် ပံ့ပိုးမှုပမာဏထက် ပိုမိုလိုအပ်ပါက ဖြည့်ဆည်းဆောင်ရွက်ရန်၊ ဆိုင်ကလုန်းမုန်တိုင်း အရေး ပေါ် တုံ့ပြန်ရေးအတွက် မတည်ထားသော ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၁) သန်းကို ပိုမိုထိရောက်စွာ ခွဲဝေ သုံးစွဲနိုင်ရန်အတွက် မြေပြင်အခြေအနေများကို သိရှိနိုင်ရေး အရေးပေါ်အစည်းအဝေးများ ခေါ်ယူဆောင်ရွက်ရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသည်”ဟု ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: ရာသီဉတု
- Hits: 1374
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၆
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးထိခိုက်ခဲ့သည့် ရခိုင်ဒေသနှင့် ကိုကိုကျွန်းမြို့ အပါအဝင် မုန်တိုင်းသင့် ဒေသများသို့ တပ်မတော်က ဆန်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပို့ ဆောင်ပေးနေကြောင်း သတင်းထုတ်ပြန်လာခဲ့သည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်အိတ် ၁၀၀ အိတ်၊ ရေသန့်ဘူးများ၊ စည်သွပ်ဗူး များနှင့် စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများ၊ ဆေးပစ္စည်းများနှင့် ကူညီကယ် ဆယ်ရေးအဖွဲ့များကို တင်ဆောင်၍ ရခိုင်သို့ ပို့ဆောင်ပေးခဲ့သည်။
ထို့နောက် ဆန်အိတ် ၁၈၀ အိတ်၊ စည်သွပ်ဘူးများဖြစ်သည့် ကြက်သားအာလူး၊ ငါးတန်အချိုပေါင်း၊ ငါးသား လောက်၊ သီးစုံဘူးများ၊ ဘီစကစ်ထုပ်များ၊ ရေသန့်ဘူးများနှင့် အခြား စားသောက်ဖွယ်ရာများကို တင်ဆောင်၍ ဒုတိယအကြိမ် မေလ ၁၅ ရက်က ပို့ဆောင်ခဲ့သည်။

အလားတူ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းကလည်း ဓာတ်ဆား ၆၅ ဖာ၊ ပစ္စည်းစုံစက္ကူဖာ ၇ ဖာ၊ မီးစက်အကြီး ၁ လုံး၊ စားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ပထမအကြိမ် ပို့ဆောင်ခဲ့ပြီးနောက် ဆက် သွယ်ရေး တာဝါတိုင် ဆက်စပ်ပစ္စည်းများနှင့် ခေါက်ဆွဲခြောက် ၁၆၈ ဖာတို့ကို ဒုတိယအကြိမ် အနေဖြင့် ရခိုင်သို့ ပို့ဆောင်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုကျွန်းသို့လည်း သွပ်ချပ်များနှင့် ခေါက်ဆွဲခြောက် ၁၀၀ ဖာကို ပို့ဆောင်ပေးခဲ့ ကြောင်း နစကဘက်က သတင်းထုတ်ပြန်လာသည်။
မုန်တိုင်းသင့် ဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အတွက် ပြည်တွင်းအလှူရှင်များက လှူဒါန်းလာခဲ့ရာ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ ရရှိခဲ့ရာ ရခိုင်ပြည်နယ်သို့ ကျပ်သိန်းပေါင်း ၇ သောင်း ထောက်ပံ့ပေးခဲ့သည်။
- By CNI News
- Category: ရာသီဉတု
- Hits: 1638
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖြတ်သန်း၍ ရခိုင်ကမ်းရိုးတန်းဒေသများသို့ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည်။
အဆိုပါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ် များ၊ ဌာနဆိုင်ရာ အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ လဲကျ၍ လမ်းများ ပိတ်ဆို့ခြင်း၊ ကားလမ်းများ ရေကျော်ခြင်း၊ လမ်းမီးတိုင်များ ပျက်စီးခြင်း၊ တာဝါတိုင်များ ပျက်စီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ် ပေါ်ခဲ့သည်။
ထို့ကြောင့် စားနပ်ရိက္ခာများ လိုအပ်နေသည့် မုန်တိုင်းဒဏ်သင့် ပြည်သူများကို တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန် ၅၀၀ အိတ်၊ ဘီစကတ်အထုပ်ကြီး ၄၂၅ အိတ်နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို နေပြည် တော် လေဆိပ်မှ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပထမအကြိမ် ပို့ဆောင်ပေးခဲ့သည်။
ထို့နောက် ဆန် ၃၅၀ အိတ်၊ ဘီစကစ်အထုပ်ကြီး ၃၂၅ အိတ်၊ ဆက်သွယ်ရေးပစ္စည်းများ၊ တပ်မတော် ဆေးအဖွဲ့ များနှင့် ဆေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် မေလ ၁၄ ရက်နေ့က ပို့ဆောင်ခဲ့သည်။
အလားတူ မေလ ၁၅ ရက်နေ့ နံနက်ကိုင်းမှာလည်း ဘီစကစ်အထုပ်ကြီး ၁၄၀ အိတ်နှင့် ဆန်အိတ်များကို ပို့ဆောင်ပေးခဲ့ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: ရာသီဉတု
- Hits: 1827
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၅
ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဝင်ရောက်မှု မတိုင်ခင်ကတည်းက ရက္ခိုင့်တပ်တော် (ULA/AA) ဘက်က အကူအညီ ပေးနိုင်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှု နည်းခဲ့ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
AA ဘက်က မုန်တိုင်းမဝင်ခင် ကြိုတင်၍ ရွာများကို စက်လှေ၊ မော်တော်ဘုတ်များဖြင့် ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ နေရေးထိုင်ရေး၊ ကျန်းမာရေးမှအစ အစီအစဉ် ချပေးခဲ့ကြောင်း ၎င်းက ပြောသည်။
ဦးဖေသန်းက “ရက္ခိုင့်တပ်တော် ဖက်ကတော့ မုန်တိုင်း မလာကတည်းကပေါ့နော်၊ ကြိုတင်ပြီးတော့ ရွာတွေကို ပြောင်းရွှေ့ရာမှာ သူတို့ အဓိက လုပ်ဆောင်ကြတာတော့ စက်လှေတွေ မော်တော်ဘုတ်တွေ၊ အဲဒါတွေနဲ့ ရွာသား တွေကို ပြောင်းရွှေ့တယ် ပြီးတော့ ကုန်းမြင့် ရေနဲ့လွတ်တဲ့ တခြားရွာတွေကို အဲဒီမှာ စားရေးနေရေး၊ ထိုင်ရေး အကုန်လုံး အစီအစဉ်ချပေးတယ်၊ ကျန်မာရေးက အစပေါ့နော်၊ တော်တော်ကို လုပ်နိုင်ခဲ့ကြတယ်၊ အဲဒီလို လုပ်နိုင် လို့လည်းပဲ ပြည်သူတွေက ပိုပြီး အားရှိသွားတာပေါ့နော်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် တစ်ယောက်တစ်ပေါက် ကိုယ့် အစီအစဉ်နဲ့ ကိုယ် သွားမယ်ဆိုရင် ဒီလောက်အထိ အစီအစဉ်ကျမှာ မဟုတ်ဘူးပေါ့၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွား ကြတာတော့ ရှိတယ်၊ အများစုကတော့ ULA/AA ဖက်က နေရာပြောင်းရွှေ့ပေးတာ၊ သူတို့ အစီအစဉ်နဲ့ သူတို့လုပ် တာ တွေ့ရတယ်၊ ပြီးတော့ စားရေးနေရေး အကုန်လုံး သူတို့ဖက်က အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးတာတော့ တွေ့ရတာပေါ့နော်၊ အဲဒါကြောင့်လည်းပဲ မြန်မြန်ဆန်ဆန်နဲ့ လုံလုံခြုံခြုံ ဒီဖက်ကိုလည်းပဲ စားရေးနေရေး သောက် ရေး အဆင်ပြေအောင်ပေါ့ သူတို့ လုပ်ပေးနိုင်ခဲ့တဲ့ အခြေအနေမျိုးကတော့ ကျနော်တို့ မီဒီယာမှာရော မြေပြင်မှာ ရေး အကုန်လုံး တွေ့နေရတာပေါ့” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် နေအိမ်များ ရေ၀င်နေစဉ်
AA အနေဖြင့် မြေပုံ၊ မင်းပြား၊ ကျောက်တော် အပါအဝင် ရခိုင်ပြည်နယ်က မြောက်ပိုင်းမြို့နယ် အများစုကို ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများ၊ ပြန်လည် ထူထောင်ရေး ကိစ္စများနှင့် ပတ်သက်၍ သိရှိနိုင်ရန် ရခိုင်ပြည်နယ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
မုန်တိုင်းကြောင့် စစ်တွေမြို့မှာ ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ကြောင်း၊ သဘာဝဘေးအတွက် ရေရှည် အကာအကွယ် မျိုး လုပ်ဆောင်သင့်ကြောင်း စစ်တွေ မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီသဘာဝဘေးဆိုတာ ပင်လယ်နားနီးတော့ ရခိုင်ပြည်လူထုဟာ ပင်လယ်ရဲ့ ကောင်းမွေကို မခံစားရဘူးဗျ၊ ပင်လယ်ရဲ့ သယံဇာတတော့ မခံစားရဘူးဗျ၊ ပင်လယ်ရဲ့ ဆိုးမွေဖြစ်တဲ့ မုန်တိုင်းတို့၊ ရေကြီးတာတို့ လေတိုက်တာ တို့ အမြဲလိုလို ခံစားရတယ်၊ နှစ်ရှည်လများ ခံစားရပေမယ့် ဒါကို ရေရှည်ကူညီမယ့် အစီအစဉ်မျိုး စနစ်တကျ ကူညီမယ့် အဖွဲ့အစည်းမျိုး သမိုင်းမှာ တစ်လျှောက်မှ မပေါ်ပေါက်ဖူးပါ၊ ဒီရခိုင်လူထု အတွက်တော့ တော်တော် ဝမ်းနည်းဖို့ ကောင်းပါတယ်၊ ဖြစ်သမျှကို ခါးစည်းခံနေရတဲ့ အနေအထား ရောက်သွားတယ်၊ အမှန်ဆို မုန်တိုင်းဟာ ကာကွယ်လို့တော့ မရဘူးပေါ့ဗျ၊ ဒါပေမဲ့ ဖြစ်လာမယ်ဆိုတာ ကြိုတင်ပြင်ဆင်လို့ ရတယ်လေ၊ လုံးဝမတိုက်အောင် တော့ တိုက်ဖျက်လို့မရဘူး။ ကြိုတင် ကာကွယ်ထားရင် အများကြီး သက်သာပါတယ်။ ဒါပေမဲ့ ဒါက လူထုအားနဲ့ လူတစ်ဦးအားနဲ့ လုပ်လို့ရတာမှ မဟုတ်တာ” ဟု ပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးမှုကိုတွေ့ရစဉ်
ပြန်လည်ထူထောင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းရှိ အလှူရှင်များ တတ်နိုင်သမျှ အရေးပေါ် လှူဒါန်းပေးရန် တောင်းဆိုချင်ကြောင်း ရခိုင်အမျိုးသားကွန်ယက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ပြန်လည် ထူထောင်ရေးကတော့ တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းနဲ့ ရမယ့် ပြန်လည်ထူထောင်ရေးမျိုး မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ၉၀ ရာခိုင်နှုန်းကျော်လောက် ပျက်စီးဆုံးရှုံးသွားတဲ့ အနေအထား မျိုး ဖြစ်တဲ့အတွက်ကြောင့် ဒီအတွက်ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ ဥပမာ ကုလသမဂ္ဂတို့ နိုင်ငံတကာ အဖွဲ့အစည်းတွေပေါ့နော်၊ နောက် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အင်အား အကူအညီတွေ အများကြီး လိုအပ်တယ်လို့ ကျနော်အနေနဲ့ အဓိက ပြောချင်တယ်၊ ဒီအင်အား အကူအညီတွေကို သက်ဆိုင်ရာ အစိုးရအနေနဲ့လည်း ပြည်နယ် အစိုးရအနေနဲ့လည်း လမ်းဖွင့်ပေးဖို့လိုတယ်၊ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်၊ နောက်တစ်ခါ ပြည်တွင်း အလှူရှင်တွေ အနေနဲ့လည်း တတ်နိုင်သမျှ အရေးပေါ် လိုအပ်ချက်ဖြစ်နေတဲ့ ခေါက်ဆွဲခြောက်တို့၊ ရေသန့်တို့၊ မိုးကာပေါ့နော်၊ ဒါတွေ အရေးပေါ် လှူဒါန်းဖို့အတွက် တတ်နိုင်သလောက် နိုးဆော်ချင်တယ်” ဟု ပြောသည်။
မုန်တိုင်းဝင်ရောက် တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၁၁ အရ သဘောဝဘေးအန္တရာယ်ကျရောက်သော ဒေသအဖြစ် နစကမှ ယနေ့ (မေလ ၁၅ ရက်)တွင် ကြေညာခဲ့သည်။
