CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ဩဂုတ် ၁၂ ရက် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် မြေပြိုပြီး နေအိမ်ပြိုကျကာ လူသုံးဦး သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“ကျနော်တို့ အနောက်ပိုင်း ကြပ်ပြင်မှာပေါ့နော်။ ကြပ်ပြင်မှာ ကားလမ်းဘေးမှာ ဓာတ်ဆီဆိုင်အကြီးကြီးရှိပါတယ်။ အဲဒီမှာ ရေတိုက်စားတော့ ပြိုသွားတော့ အောက်မှာ ရှိတဲ့ အိမ်လေးတွေ ပိပြီးတော့ သုံးယောက်လောက်ဆုံးသွားပါတယ်ခင်ဗျ” ဟု ဒေသခံ တစ်ဦးဖြစ်သူ စိုင်းလမင်း က ပြောသည်။

၎င်း မြေပြိုမှုကြောင့် အဘွားတစ်ဦးနှင့် သားအမိနှစ်ဦး ဆုံးသွားကြောင်း မြို့ခံတစ်ဦးက CNI သတင်းဌာနကို ပြောသည်။

မိုးကုတ်တွင် မြေပြိုမှုများရှိခဲ့သလို လက်ရှိမှာလည်း လမ်းမပေါ်တွင် ရေကြီးကာ ရွံ့များလမ်းမပေါ်တင်ကျန်နေဆဲဟု သိရသည်။

“တောင်ကျရေတွေပေါ့ဗျ။ ကျနော်တို့ဆီက မိုးများတာကိုး တစ်ပတ်လုံး မိုးများတာ။ မိုးများတော့ ထုံးစံအတိုင်းပဲ ဒီတချို့အိမ်လေးတွေဆိုလည်း တောင်စောင်းမှာ အများအားဖြင့် တည်ထားတဲ့ ဆင်းရဲသားအိမ်လေးတွေရှိတယ်လေ အဲတာလေးတွေ ရေထဲပါသွားတာတွေရှိတယ်” ဟု စိုင်းလမင်း က ပြောသည်။

၎င်း အိမ်ပြိုမှုကြောင့် သေဆုံးသွားသူများကို သင်္ဂြိုလ်ပေးပြီး မိသားစုဝင်များကို ပါရမီပရဟိတအသင်းမှ ကယ်ဆယ်မှုများ၊ ထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်ဟု ၎င်းက ဆိုသည်။

အထက်ပါ သတင်းနှင့်ပတ်သက်ပြီး ကြပ်ပြင်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က "ဟုတ်ပါတယ် သုံးယောက်သေတယ်။ အသက် ၉၀ အရွယ် အဖွားကတစ်ယောက်၊ ၄၀ က တစ်ယောက်၊ ၃ နှစ်ပြည့်က တစ်ယောက်" ဟု CNI သတင်းဌာနသို့ ပြောသည်။

မိုးကုတ်တွင် နှစ်စဉ် နှစ်တိုင်း မိုးများလျက်ရှိပြီး တောင်ပြိုမှု၊ ရေကြီးမှု၊ တောင်ကျရေစီးဆင်းမှုများ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

#မိုးကုတ်

#မြေပြိုမှု

#မန္တလေးတိုင်းဒေသကြီး

#CNImyanmar

#Channel News Independent