မကြုံစဖူး သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရပြီး အပူလှိုင်းကျရောက်မှုကြောင့် နေရာပေါင်း ၅၈၆ နေရာ၌ တောမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကို အကြောင်းပြု၍ လူအချို့ကို ဂရိအာဏာပိုင်များက ဖမ်းဆီးထားသော်လည်း မီးစတင် လောင်ကျွမ်းရသည့်အကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အေပီသတင်းဌာနက ဆိုသည်။

ယခင်သီတင်းပတ်က မီးလောင်မှုများကြောင့် ရာနှင့်ချီသော လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

“အခုရက်ပိုင်းမှာ ကျနော်တို့တိုင်းပြည်ရဲ့ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းနေရပါတယ်” ဟု ဂရိဝန်ကြီးချုပ်က ဆိုသည်။ လနှင့်ချီ၍ အပူလွန်ကဲကာ ခြောက်သွေ့နေမှု အခြေ အနေများ၊ ရာသီဥတုပြောင်းလဲမှု အခြေအနေများ ကိုလည်း ၎င်းက တဆက်တည်းတွင် တိုင်းပြည်သို့ အသိပေးပြောကြားခဲ့သည်။

ယခုနှစ်များအတွင်း ဥရောပတောင်ပိုင်း၌ မိုးခေါင်မှုများ မကြာခဏဆိုးရွားလာပြီး ရာသီဥတုပြောင်းလဲခြင်း သက်ရောက်မှုများထဲတွင် အကြီးမားဆုံးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သဘာဝပတ်ဝန်းကျင် သုတေသီ များက သတိပေးထားသည်။

“ရာသီဥတုအကျပ်အတည်းဟာ တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိတယ်ဆိုတာ သိသာပါတယ်။ ဒါဟာ ရှင်းပြချက်တစ်ခုပဲ။ ဆင်ခြေပေးတာ မဟုတ်ပါဘူး။ တချို့ကိစ္စတွေမှာ သဘာဝနဲ့ မမျှမတ တိုက်ပွဲဝင်ဖို့ အင်အားအလုံအလောက် မရှိပါဘူး” ဟု ဂရိဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ကီလက်ကို့စ်မစ်ဆိုတာ့ကစ်သည် ဩဂုတ် ၁၀ ရက်နေ့တွင် ယင်းမီးလောင်မှုများနှင့်ပတ်သက်၍ အစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးခေါ်ယူပြီး လိုအပ်သည့်အစီအမံများ ချမှတ်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စီအင်န်အင်န်သတင်းအရ သိရသည်။

အဆိုပါ တောမီးလောင်ကျွမ်းမှုမှာ ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့မှ စတင်လောင်ကျွမ်းခဲ့သည်ဟု အယ်လ် ဂျာဇီးယား သတင်းတွင်ဖော်ပြထားသည်။

Source: CNN

#ရာသီဥတု

#မီးလောင်မှု

#သဘာဝဘေးအန္တရာယ်

#ဂရိ

#CNINews

#CNIMyanmar

#ChannelNewsIndependent