CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၃၁

မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့တွင် ကူညီကယ်ဆယ်ရမည့်သူများ အများအပြား ကျန်ရှိနေသေးကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ ကွေ့ကြီးအရန်မီးသတ် လူမှုကူညီရေးအဖွဲ့မှ တပ်ခွဲမှူး ဦးဆန်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လူအင်အားများ ရှိနေသော်လည်း စက်ယန္တရားများ လိုအပ်နေကြောင်း ၎င်းက ပြောသည်။

ဦးဆန်းထွန်းက  “အခက်အခဲတွေကတော့ ရှိသေးတယ်၊ တိုက်ပိလူတွေကိုက အတော်လေး ကျန်သေးတယ်ဗျ၊ စစ်ကိုင်းမှာကိုက ကျနော်တို့ စစ်ကိုင်းတောင်ပေါ်မှာကိုက ၄၀ လောက်ရှိသေးတယ်လို့ ပြောတယ်ဗျ၊ စစ်ကိုင်းက အတော်ဆိုးပါတယ် ကျနော်တို့ တောင်ပေါ်ဆိုရင် အခုလက်ရှိ မတက်တောင် မနိုင်ကြသေးဘူး၊ အောက်ပိုင်းတွေ လောက်ပဲ ကိုယ်ပိုင်ကျောင်းက ကလေးတွေလောက်ပဲ ဆုတ်နေကြတာဗျ၊ လောလောဆယ် လိုအပ်တာတော့ စက်ယန္တရားလိုတာဗျ၊ လူအားနဲ့ကျတော့ လူအားကပေါတယ်၊ ကျနော်တို့အဖွဲ့ကိုက အားလုံးပေါင်း ၉၀ လောက် ပါတယ်၊ အဲကျ စက်ယန္တရား မပါတော့လည်း ဒီတိုင်း ငုတ်တုတ်ထိုင်ကြည့်နေရုံပဲ ဖြစ်နေတာဗျ၊ လောလောဆယ် အစိုးရက ၂ ဖွဲ့လောက်ပဲ သူတို့က ပေးနိုင်သေးတာဗျ၊ စစ်ကိုင်းတံတားကလည်း ကားကြီးက ဖြတ်ဖို့ မလွယ်သေး တော့ ကျနော်တို့ အဖွဲ့တွေ အနေနဲ့ကလည်း မန္တလေးဘက်ကို ကူးလို့ မရဘူးခင်ဗျ၊ ယန္တရားတွေ ကျတော့ ကျန်းမာ ရေးကား ဘာညာလောက်ကတော့ လူကြီးပဲဆို သွားရတယ်။ ယန္တရားကျ ကူးဖို့ လောလောဆယ် မလွယ်သေးဘူး၊ သူတို့ ဝန်ကြီးဌာနကြီး အစိုးရအဖွဲ့အစည်းတွေကနေ လိုက်စီစဥ်ပေးရင်တော့ ရမယ်ဗျ၊ လာတော့ကြည့်ပါတယ်ဗျ၊ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း လာကြည့်ရှုအားပေးပါတယ်ဗျ၊ ကျနော်တို့ အဖွဲ့နဲ့ပဲသွားကြတာပါ သူတို့ဆီကတော့ ထောက်ပံ့ကြေးတွေ ဘာတွေတော့ ဘာမှ မရသေးပါဘူးခင်ဗျ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငလျင်ဒဏ်ခံ ပြည်သူများကို ကြည့်ရှုစဉ်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသည့် လမ်း တံတားများ၊ နိုင်ငံပိုင် အဆောင်အဦများ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား မိမိတို့အနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်သွားရမည်ဟု ပြောထားသည်။

ထို့ပြင် ငွေကြေးအင်အား၊ လူအင်အား၊ ယာဥ်ယန္တရား အင်အားများစွာကို သုံးစွဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိ က တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ထောက်ပံ့‌‌ပေးရန် လိုအပ်မည်ဖြစ်၍ နိုင်ငံတကာမှ အကူအညီများ တောင်းခံရာတွင် ပြန်လည်တည်‌ဆောက်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေးသုံး ပစ္စည်းများကိုလည်း ထည့်သွင်းတောင်းခံသွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ အခြေအနေတွင် ပိတ်မိပြီး ကျန်နေသည့်လူများ၊ သေဆုံးသွားပြီဖြစ်သည့် ရုပ်အလောင်းများအား ဆယ်ယူ ရန် ကယ်ဆယ်နေရကြောင်း၊ စက်ယန္တရားများ လိုအပ်နေကြောင်း၊ သုံးရေ၊ သောက်ရေပိုင်းတွင်လည်း အခက်အခဲ များရှိနေကြောင်း၊ ကယ်ဆယ်ရေး သမားများအတွက် ဝတ်စုံများလည်း လိုအပ်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ ပေးဆပ်သူ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ငလျင်ဘေး ကယ်ဆယ်ရေးလုပ်နေသူများကို တွေ့ရစဉ်

၎င်းက “လက်ရှိ အခြေအနေ အခုကတော့ ပိတ်မိနေပြီး ကျန်နေတဲ့ လူတွေရော၊ Dead body အဖြစ်ရှိနေတဲ့ ရုပ် အလောင်းတွေရော ကျနော်တို့က ဆယ်ယူဖို့ အခုစစ်ကိုင်းမှာတော့ ကျနော်တို့ အခြေစိုက်ပြီးတော့ ကူညီနေတာ ကယ်ဆယ်နေတာမျိုးတော့ ရှိတယ်၊ အခက်အခဲ အနေနဲ့ကတော့ ကျနော်တို့ ကယ်ဆယ်ရေးသမားတွေ အနေနဲ့ ကတော့ စက်ပိုင်းဆိုင်ရာပေါ့နော်၊ ယန္တရားဆိုင်ရာတွေ လိုအပ်တဲ့ အခက်အခဲတွေတော့ ရှိတယ်ဗျ၊ တခြား အခက်အခဲကတော့ ထွေထွေထူးထူးရယ် မရှိဘူး၊ အစားအသောက်ပိုင်းတို့၊ အစားအသောက်က အဓိက မကျ ပေမယ့် သုံးရေ၊ ‌သောက်ရေပိုင်းကျတော့ အခက်အခဲ လုံးဝ လုံးလုံးကြီးဖြစ်နေတဲ့ အတိုင်းအတာ တစ်ခုတော့ ရှိတယ်ဗျ၊ အခုကတော့ လက်ရှိအနေအထားက ဘယ်လိုတွေ ဖြစ်လာလဲဆိုတော့ ကယ်ဆယ်ရေးသမား အင်အား တွေရော နောက်တစ်ခုက Volunteer ဆိုပြီးတော့ ကျနော်တို့ ပူးပေါင်းလာတဲ့ အင်အားတွေတော့ ရှိတယ်၊ သူတို့ တွက်ကတော့ Safety first ဖြစ်ဖို့ အတွက်ကတော့ ဝတ်စုံတွေ ဘာတွေတော့ လိုအပ်မှုတွေတော့ ရှိတယ်ဗျ၊ ကျနော်တို့ကတော့ အသင်းရုံးတွေက ထုတ်ပေးထားတဲ့ ယူနီဖောင်းတို့ ဒါတွေပဲဝတ်ပြီးတော့ ကယ်ဆယ်ပေးနေ ရတဲ့ အနေအထား ရှိတဲ့အတွက် အန္တရာယ်တွေကတော့ ရှိတယ်” ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ အထိ နောက်ဆုံးရရှိသည့် စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် လူပေါင်း ၁၆၄၄ ဦးသေဆုံးပြီး ၃၄၀၈ ဦး ဒဏ်ရာရရှိကာ ၁၃၉ ဦး ပျောက်ဆုံးနေကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် အသေးစိတ် စာရင်းများအား ဆက်လက် ကောက်ယူလျက်ရှိကြောင်း သိရသည်။